ဓနိပျား လုပ်ကိုင်ကြသူနည်းလာ

0
316

ထင်းအခက်အခဲကြောင့် ဓနိပျား ကျိုချက်လုပ်ကိုင်ကြသူ နည်းလာကြောင်း ဒေသခံများထံမှ သိရသည်။

ဓနိပျား ကျိုချက်ရာတွင် အသုံးပြုသည့် ထင်းများ ဝယ်ရန်ခက်ခဲခြင်း၊ ဈေးကြီးပေးကာ ဝယ်ယူရခြင်း တို့ကြောင့် လုပ်ကိုင်သူ နည်းလာခြင်း ဖြစ်ကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်ကြသူများက ပြောသည်။

“ရွာမှာတော့ လုပ်တဲ့သူ နည်းနည်းပဲ ကျန်ပြီ။ ထင်းတွေ ဈေးကြီးလို့ မလုပ်ကြတော့ဘူး” ဟု မြိတ်မြို့နယ်၊ တောင်ရှည်ကျေးရွာနေ ဦးတင်က ဆိုသည်။

တောင်ရှည်ကျေးရွာတွင် ယခင်က ပုံမှန်ဓနိပျားကျိုချက်သူ နှစ်ဆယ်ဦးခန့်ရှိပြီး ငါးနှစ်ခန့်အတွင်း လုပ်ကိုင်သူတဖြည်းဖြည်း လျော့ကျလာကာ လက်ရှိ ငါးဦးခန့်သာ ကျန်တော့ကြောင်း အဆိုပါလုပ်ငန်း လုပ်ကိုင်သူအချို့ထံမှ သိရသည်။

အလားတူ ပသောင်းကျေးရွာတွင်လည်း ယခင်ကဓနိပျားကျိုချက်သူ တစ်ရာနီးပါးရှိခဲ့သော်လည်း ယခုအခါ ဆယ်ဂဏန်းပင် မပြည့်တော့ကြောင်း ဒေသခံများက ပြောသည်။

“အဓိက က ထင်းဈေးကြီးတယ် ဝယ်ရတာလည်း မလွယ်ဘူး” ဟု ယင်းဒေသခံအမျိုးသားက ပြောသည်။

လက်ရှိထင်းလှေတစ်စီးကို လှေအကြီးအငယ်အလိုက် အနည်းဆုံးငါးသိန်းကျပ်မှ ရှစ်သိန်းကျပ်အထိ ပေးကာ ဝယ်ယူနေရကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်ကြသူတို့က ဆိုသည်။

၂၀၁၆ ခုနှစ် တိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ် (ဟောင်း) ဒေါက်တာလဲ့လဲ့မော် မြိတ်ခရီးစဉ်အတွင်း မီးသွေးဖုတ်ခြင်းကြောင့် ဒီရေတောများ ပြုန်းတီးလာနေသည်ဟု ဒေသခံတို့က တင်ပြခဲ့သည့်အတွက် ဒီရေတောထင်းခုတ်ခွင့်ကို ကန့်သတ်ပိတ်ပင်ခဲ့သည်။

ယင်းနောက် ထင်းဈေးများမြင့်တက်လာသည်ဟု ဒေသခံတို့ကဆိုသည်။

လက်ရှိအချိန်တွင်လည်း ဓနိပျားကြိုချက်ရန်အတွက် တောထင်းများကိုသာ ခုတ်ယူသုံးစွဲနေရကြောင်း ဒေသခံများ ထံမှသိရသည်။

ထင်းဈေးမြင့်တက်ခြင်းကြောင့် ဓနိတောပိုင်ရှင်တစ်ချို့ကမူ လက်ရှိအချိန်တွင် ပအုန်းရည်ခေါ် ဓနိရည် အချဉ်ပြုလုပ် ရောင်းချခြင်း၊ အိမ်မိုးရန်ဖက်အဖြစ်ခုတ်ယူ ရောင်းချကြခြင်းတို့သာ ပြုလုပ်နေကြကြောင်း ဒေသခံများ ထံမှသိရသည်။

ဓနိပင်မှ ဓနိရည်အချိုကို ထုတ်လုပ်ပြီး ယင်းဓနိရည်ချိုအား မိုးဗြဲဒယ်အိုးဖြင့် ထည့်ကာ မီးပြင်းပြင်းဖြင့် ကျိုချက်ပြီးမှ ပျားခေါ် ဓနိသကြားအဖြစ်သို့ရောက် ရှိသည်။

ဓနိပျားတစ်စည် (တစ်ပေပါ) လျှင် ပျားအချော (အခဲ) နှစ်သိန်းကျော်ခန့်ရှိပြီး ပျားအကြမ်း (အရည်) မှာ တစ်သိန်းကျော်ခန့်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။