သရက်ချောင်း ပိန်းတောရွာတွင် ပေါက်ကွဲမှု၊ ပစ်ခတ်မှု ဖြစ်

0
408

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ပိန်းတောကျေးရွာတွင် ယနေ့ (ဒီဇင်ဘာလ ၂၅) ညနေ ၃ နာရီခန့်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ပစ်ခတ်မှု ဆက်လက်ဖြစ်ပွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

သရက်ချောင်းမြို့ဘက်မှ ထားဝယ်ဘက်သို့ မောင်းနှင်လာသည့် စစ်ကားနှစ်စီး ပိန်းတောကျေးရွာ မှန်ကျောင်း (ဘုန်းကြီးကျောင်း) အနီးသို့ အရောက်တွင် ပေါက်ကွဲမူတစ်ခုဖြစ်ပွားကြောင်း ၎င်းတို့ထံမှ သိရသည်။

ယင်းနောက် မိနစ်သုံးဆယ်ခန့်ကြာ သေနတ်ပစ်ခတ်သံများ ကြားရကြောင်း ပိန်းတောဒေသခံတစ်ဦးက ပြောသည်။

“ပေါက်ကွဲသံကတော့ ဝုန်းကနဲ တစ်ချက်ကြားလိုက်တယ်။ ပြီးတာနဲ့ သေနတ်ပစ်သံတွေ ဆက်တိုင်းကြားရတယ်။ကြားရသလောက်ကတော့ တစ်ဖွဲ့တည်းကနေ ပစ်နေတာမျိုးတော့ မဟုတ်ဘူး။ အပြန်အလှန်ပစ်နေတဲ့ ပုံစံမျိုးရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီနှင့် မည်သည့်အဖွဲ့တို့ ပစ်ခတ်နေသည်ကို မသိရသလို ထိခိုက်မူအခြေအနေကိုလည်း မသိရသေးကြောင်း ၎င်းက ဆိုသည်။

ယင်းသို့ ပစ်ခတ်မှုဖြစ်ပြီးနောက် မှန်ကျောင်းအနီးနားရှိ လယ်ကွင်းထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်သွားကာပိန်းတောရွာအရှေ့ပိုင်းရှိ နေအိမ်အချို့ကို ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။

အဖမ်းခံရသူ ရှိ မရှိကိုမူ မသိရသေးကြောင်း ၎င်းတို့က ဆိုသည်။

ခရီးသည်များမှာလည်း အချိန်အတော်ကြာ သွားခွင့်မရဘဲ ယင်းနေရာတွင် ပိတ်မိနေရာမှ ညနေ ၅ နာရီခန့်တွင် စတင် သွားခွင့်ရခဲ့ကြောင်း ဒေသခံအချို့က ပြောကြားသည်။