တကူကျေးရွာတွင် စစ်ကောင်စီတပ်နှင့် PDF တို့ ပစ်ခတ်မှုဖြစ်

0
583

တနင်္သာရီမြို့နယ်၊ တကူကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တနင်္သာရီ PDF တို့ ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ (ဒီဇင်ဘာ ၂၅) နေ့လယ် ၁၂ နာရီခန့်က တကူကျေးရွာ၊ အနောက်ကမ်း မျှော့အင်းခေါ်ထိကပုံးကွမ်းတော အရပ်တွင် ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်နှင့် အတူလိုက်ပါလာသူ အရပ်သားတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။

တကူကျေးရွာနေ ဦးဗေဒါဆိုသူမှာ စစ်ကောင်စီတပ်သားများအား ဆိုင်ကယ်သုံးစီးဖြင့် ခေါ်လာပြီး သူနှင့် မြေယာကိစ္စ စကားများဖူးသည့် ဦးလူပုအား လာရောက်ဖမ်းဆီးစဉ် တွေ့ရှိရခြင်းမရှိဘဲ အပြန်တွင် PDF များက လိုက်လံပစ်ခတ်ကြောင်း ရွာသားများက ပြောသည်။

“PDF တွေကို ဦးလူပုက သေနတ်လုပ်ပေးနေတယ်ဆိုပြီး သွားတိုင်တော့ ဟိုကလာဖမ်းတာ အဲဒီမှာ PDF တွေက လာပစ်ကြတာပေါ့” ဟု တကူကျေးရွာနေသူတစ်ဦးက ပြောသည်။

PDF များနှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန်ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်နှင့် လိုက်ပါလာသူ ဦးဗေဒါ၏ ပုခုံးတွင် ဒဏ်ရာရရှိသွားသည်ဟု သိရရှိရပြီး စစ်ကောင်စီတပ်သားများတွင် ထိခိုက်မှု ရှိမရှိကိုမူ မသိရှိရကြောင်း ရွာသားများက ပြောသည်။

“စစ်သားသုံးယောက် သေတယ်လို့ လာပြောနေတဲ့သူတွေရှိတယ်။ ကိုယ်လည်းမမြင်တော့ ဟုတ်မဟုတ် အတည်ပြုလို့ မရဘူးပေါ့” ဟု တကူရွာနေသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က သေဆုံးခြင်း ရှိမရှိကိုမူ လတ်တလောတွင် Dawei Watch က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဒီဇင်ဘာလ ၂၄ ရက်ညကလည်း တကူရွာအနီး ဝမ်းနာကျေးရွာရှိ မိုင်တဲတာဝါတိုင် မီးရှို့ခံရသည်ဟု ရွာသားများထံမှ သိရှိရပြီး စစ်ကောင်စီဘက်ကမူ ယင်းကိစ္စနှင့် ပတ်သက်ပြီး ထုတ်ပြန်ထားခြင်း မရှိသေးပေ။

လက်ရှိအချိန်တွင် တကူကျေးရွာနှင့် သရဘွင်ကျေးရွာတို့တွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်စီးလာသူများအား တားဆီးစစ်ဆေးနေပြီး ဈေးဆိုင်များလည်း ပိတ်ထားသည်ဟု ရွာသားများထံမှ သိရသည်။