တနင်္သာရီတိုင်း နယ်စပ်ကုန်သွယ်ရေး ယမန်နှစ်ထက် ကန်ဒေါ်လာသန်းလေးရာကျော် လျော့ကျ

0
241
ထီးခီးနယ်စပ်တစ်နေရာ။

တနင်္သာရီတိုင်း၏ နယ်စပ်ကုန်သွယ်ရေးပမာဏမှာ ယခင်ဘဏ္ဍာရေးနှစ်ထက် အမေရိကန်ဒေါ်လာ သန်းလေးရာကျော် လျော့ကျသွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် တနင်္သာရီတိုင်း၏ နယ်စပ်ကုန်သွယ်ရေးပမာဏမှာ အမေရိကန်ဒေါ်လာ ၂၄၃၀ သန်းကျော် ရှိသည်။

၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်တွင်မူ ဒေါ်လာ ၁၉၉၉ သန်းနီးပါးသာရှိသည့်အတွက် သန်း ၄၀၀ ကျော် လျော့ကျသွားခြင်းဖြစ်သည်။

လက်ရှိတွင် ပြင်ပဒေါ်လာငွေနှုန်းမှာ တစ်ဒေါ်လာလျှင် ၁၉၀၀ ကျပ် ဝန်းကျင်ရှိပြီး ဗဟိုဘဏ် သတ်မှတ်ဈေးမှာ ၁၈၀၀ ကျပ် ဝန်းကျင် ပေါက်ဈေးရှိသည်။

စီးပွားကူးသန်းဝန်ကြီးဌာန၏ စာရင်းအရ နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ပို့ကုန်ရော သွင်းကုန်ပမာဏပါ ကျဆင်းသွားခြင်းဖြစ်သည်။

လက်ရှိတွင် ကိုဗစ်ကပ်ဘေးနှင့် စစ်အာဏာသိမ်းဂယက်ကြောင့် ပြည်တွင်းစားသုံးသူများ ငွေကြေးသုံးစွဲ နိုင်စွမ်းနည်းပါးလာခြင်းကြောင့် သွင်းကုန်လည်း ကျဆင်းလာကြောင်း ထားဝယ်မြို့က စီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ဦးက ဆိုသည်။

“စားသုံးသူတွေ ငွေကြေးမလည်ပတ်နိုင်တာက အခြေခံပေါ့နော်။ ဝင်ငွေများမှပဲ စားနိုင်မယ်၊ သုံးနိုင်မယ်၊ ဝယ်နိုင်မယ်။ ဒါက ဝင်ငွေနည်းပါးမှုရဲ့ အကြောင်းတရားပေါ့” ဟု ၎င်းက ပြောသည်။

ထို့အပြင် ဒေါ်လာငွေလဲလှယ်နှုန်းမြင့်တက်ခြင်းကြောင့် စက်သုံးဆီဈေးတက်ပြီး အထွေထွေစရိတ် ကြီးမြင့်လာကြောင်း ၎င်းက ပြောသည်။

ထိုကြောင့် ရေလုပ်ငန်းအပါအဝင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများလည်း ထုတ်လုပ်မှုစွမ်းအားကျလာပြီး ပို့ကုန်တန်ဖိုးကျဆင်းလာကြောင်း အထက်ပါ စီးပွားရေးလုပ်ငန်းရှင်က ဆိုသည်။

တနင်္သာရီတိုင်းအတွင်း ထိုင်းနိုင်ငံနှင့် ကုန်သွယ်နေသည့် နယ်စပ်စခန်း သုံးခုရှိပြီး ထီးခီး၊ မောတောင်နှင့် ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းများ ဖြစ်ကြသည်။

ယင်းနယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ ရေထွက်ကုန်ပစ္စည်းကို အဓိကတင်ပို့ပြီး ကြက်သွန်နီကဲ့သို့ လယ်ယာထွက်ကုန် ပစ္စည်းအချို့ကိုလည်း တင်ပို့နေကြောင်း တိုင်းဒေသကြီး ကုန်သွယ်ရေးဦးစီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံသို့ ပြန်လည်တင်သွင်းသည့်အဓိကပစ္စည်းမှာ ဒီဇယ်ဆီနှင့် ဘိလပ်မြေဖြစ်ပြီး လူသုံးကုန်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်းများကိုလည်း တင်သွင်းနေသည်။

မြန်မာနိုင်ငံတွင် နယ်စပ်ကုန်သွယ်ရေးစခန်း ၂၄ ခု ရှိသည်။