မွန် ဝန်ကြီးချုပ်ဟောင်းကို အလုပ်နှင့်ထောင်ဒဏ် ၂ နှစ်ချ

0
239

မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို စစ်ကောင်စီက စွဲဆိုထားသည့် ပုဒ်မများအနက် ရာဇသတ်ကြီးဥပဒေ ၅၀၅ (ခ) အမှုကို စစ်ကောင်စီတရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ် လိုက်ကြောင်း ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ဝန်ထမ်းများ ပါဝင်ကြရန် တိုက်တွန်းမှုဖြင့် ဒေါက်တာအေးဇံကို ပုဒ်မ ၅၀၅ (ခ) ဖြင့် ဖမ်းဆီး အမှုဖွင့်ခဲ့ပြီး ဒီဇင်ဘာ ၁၇ ရက်နေ့က ကျိုက်မရောအကျဉ်းထောင်ရှိ စစ်ကောင်စီ အထူးတရားရုံးတွင် အမိန့်ချမှတ်ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

“ပုဒ်မ ၅၀၅ နဲ့ စွဲဆိုထားတဲ့အမှုအတွက်ကို ထောင်ဒဏ် ၂ နှစ် အမိန့်ချလိုက်တယ်။ အဂတိမှုနဲ့ စွဲဆိုထားတာတွေ ကျတော့ အမိန့်မချရသေးဘူး” ဟု နီးစပ်သူတစ်ဦးက ပြောသည်။

ဒေါက်တာအေးဇံကို ပုဒ်မ ၅၀၅ (ခ) အပြင် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်က လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး စီးပွားရေးလုပ်ငန်းရှင်တို့ထံမှ ငွေကြေးရယူခဲ့သည်ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့်လည်း အမှုဖွင့်ထားသေးသည်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်တပ်က အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး လက်ရှိတွင် ကျိုက်မရော အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည်ဟု နီးစပ်သူတို့ထံမှ သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်းက NLD လွှတ်တော်ကိုယ်စားလှယ်အချို့တို့ကို အာဏာသိမ်းစစ်ကောင်စီက ပုဒ်မ ၅၀၅ ပုဒ်မခွဲ (က) ၊ (ခ) တို့ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးမှုများပြုလုပ်ခဲ့သည်။

အမှုဖွင့်ခံရသူများအနက် ဝန်းကြီးချုပ်ဟောင်း ဒေါက်တာအေးဇံနှင့် သထုံလွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်တို့ နှစ်ဦးသာ ဖမ်းဆီးခံခဲ့ရပြီး အမှုရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံထားရသည့် ဒေါ်မာမာခိုင်ကိုတော့ နိုဝင်ဘာ ၃၀ ရက်နေ့က အလုပ်နှင့် ထောင်ဒဏ် တစ်နှစ် အမိန့်ချမှတ်ခံခဲ့သည်။