တနင်္သာရီ လယ်သစ်ရွာတွင် ဇနီးမောင်နှံနှစ်ဦး ပစ်သတ်ခံရ

0
537

တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာ၌ ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၈ နာရီအချိန်တွင် ဇနီးမောင်နှံ နှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံရွာသားများထံမှ သိရသည်။

ဒလန်ဟု သတင်းထွက်နေသည့် လယ်သစ်အရှေ့ကမ်းတွင် နေထိုင်သူ အသက် ၂၉ နှစ်အရွယ် ကိုဝေဖြိုးအောင်နှင့် ၎င်း၏ဇနီးဖြစ်သူ အသက် ၃၂နှစ်အရွယ် မလှဝင်းတို့အား လက်နက်ကိုင်လူတစ်စုက လာရောက်ပစ်သတ်ခြင်းဖြစ်ကြောင်း အဆိုပါရွာသားများက ပြောသည်။

“ရှစ်ချက်လောက် ရှိတယ်။ သေနတ်သံကြားရတာ။ ဘယ်သူတွေ လာပစ်သွားတယ်လို့တော့ မသိရ သေးဘူး” ဟု လယ်သစ်ရွာနေ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါဇနီးမောင်နှံသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အဆက်အသွယ်ရှိပြီး မူးယစ်ဆေးဝါးလည်း ရောင်းချသည်ဟု ဒေသခံအချို့က ပြောဆိုသည်။

ဒလန်လုပ်ခြင်း၊ မူးယစ်ဆေးရောင်းချခြင်း စသည့် ဒေသခံအချို့၏ ပြောဆိုချက်များနှင့် ပတ်သက်၍ Dawei Watch က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ သတ်ဖြတ်မှုဖြစ်စဉ်ကို မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့က လုပ်ဆောင် သည်ကိုလည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။

သေဆုံးသူများ၏ ရုပ်အလောင်းမှာ ဒီဇင်ဘာလ ၁၇ နံက် ၈ နာရီခွဲအချိန်အထိ ၎င်းတို့နေအိမ်၌ပင် ရှိနေ သေးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာခြင်းလည်း မရှိသေးကြောင်း ရွာသားများက ပြောသည်။

“ရွာမှာတော့ လူမရှိတော့ဘူး။ ကြောက်လို့ ရှောင်နေကုန်ကြပြီ” ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။

သေဆုံးသူ ဇနီးမောင်နှံတွင် အသက် ၁၂ နှစ်အရွယ် သမီးတစ်ဦး ကျန်ရစ်ခဲ့ကြောင်း ရွာသားများထံမှ သိရသည်။

နောက်ဆုံးရရှိသည့် သတင်းများအရ အဆိုပါဇနီးမောင်နှံ အပါအဝင် နောက်ထပ်သေဆုံးသူ နှစ်ဦး ရှိနေ သေးသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ဒေသခံ အချို့ထံမှ သိရသည်။

လယ်သစ်ကျေးရွာတွင် လယ်သစ်အရှေ့ကမ်းနှင့် လယ်သစ်အနောက်ကမ်းဟူ၍ နှစ်ပိုင်းရှိပြီး တနင်္သာရီ မြစ်မှ ခွဲထွက်လာသည့် မြစ်လက်တက် ကမ်းတစ်ဖက်စီတွင် တည်ထားသည့် ရွာကြီးတစ်ရွာ ဖြစ်သည်။

ယင်းရွာနှင့် ဆက်စပ်လျှက်ရှိသည့် ပဝကျေးရွာတွင် ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်က ဒလန်ဟု နာမည်ထွက်သူတစ်ဦး၏ နေအိမ်ကိုလည်း လက်နက်ကိုင်လူတစ်စုက မီးရှို့ခဲ့ပြီး ၎င်းအပါအဝင် မိသားစု လေးဦး မီးလောင်သေဆုံးခဲ့သည်။