လမိုင်းမြို့က လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့က လုပ်ငန်းရှင်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

လမိုင်းမြို့က လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးမင်းသိန်းထွန်းဦး (ကိုစကစ်) ကို ဒီဇင်ဘာလ ၁၅ ရက်နေ့ ည ၁၁ နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်သို့ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

“ကိုစကစ်ကို ညပိုင်း အိမ်မှာ လာဖမ်းခေါ်သွားတယ်။ ရဲဘက်ကနေ သိရတာက NUG နဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးတယ်လို့ ပြောတယ်” ဟု ၎င်းနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ဦးမင်းသိန်းထွန်းဦးကို ရေးမြို့နယ် မော့ကနင်ကျေးရွာရှိ အမှတ် (၁၀၆) တပ်ရင်းတွင် ဖမ်းဆီး ထိန်းသိမ်းထားသည်ဟုလည်း ၎င်းနှင့် နီးစပ်သူအချို့ထံမှ သိရသည်။

ဦးမင်းသိန်းထွန်းဦးသည် လမိုင်းမြို့တွင် Honda ဆိုင်ကယ် အရောင်းပြခန်းဖွင့်လှစ်ထားသည့် လုပ်ငန်းရှင်တစ်ဦးဖြစ်သလို လူမှုအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်နေသူလည်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်းရှိ လုပ်ငန်းရှင်နှင့် လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့ဝင် အချို့တို့ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ဒေသခံ PDF တို့နှင့် ပတ်သက်နေသည်ဆိုသည့် စွပ်စွဲချက်နှင့် ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လာခဲ့သည်။