ကပ်ဘေးနှစ်ခုကြား ကုန်းရုန်းနေရတဲ့ ဧည့်လမ်းညွှန်တွေ

0
111

မြိတ်မြို့က ဧည့်လမ်းညွှန်လောကမှာ အတော်အသင့် နာမည်ရခဲ့တဲ့ ကိုအောင်မိုးဦးတစ်ယောက် လက်ရှိ အချိန်မှာတော့ သင်္ဘောဆိပ်၊ လှေဆိပ်တွေမှာ ကုန်တင်ကုန်ချအလုပ်ကို လုပ်ပြီး မိသားစုဝမ်းရေးအတွက် တိုက်ပွဲဝင်နေပါတယ်။

ကိုဗစ်ကပ်ဘေး စဖြစ်ပြီး ခရီးသွားလုပ်ငန်းတွေ ရပ်နားလိုက်တဲ့အချိန်ကစပြီး ကိုအောင်မိုးဦးဟာ ယနေ့ အချိန်အထိ ၂ နှစ်နီးပါးကြာ ရတဲ့အလုပ်ကို မရွေးတော့ဘဲ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“အလုပ်နားလိုက်ရတော့ ကမ်းနားလှေဆိပ်ဆင်းပြီး မီးသွေးထမ်းတဲ့ အလုပ်ကို လုပ်ခဲ့တယ်။ မိသားစုနဲ့ ဆိုတော့ အလုပ်က ရွေးနေလို့ မရတော့ဘူး”

ကိုအောင်မိုးဦးဟာ ၂၀၁၅ ခုနှစ်ကစပြီး ခရီးသွားဝန်ဆောင်မှုကုမ္ပဏီတစ်ခုမှာ (တိုးရစ်ဂိုက်) ဧည့်လမ်းညွှန် လုပ်ခဲ့ပြီး အဲဒီအချိန်တုန်းကဆိုရင် လစာနဲ့ ဂိုက်ကြေးပေါင်းရင် တစ်လပုံမှန် ငွေကျပ် ခြောက်သိန်းလောက် ဝင်ငွေ ရှိခဲ့သူပါ။

လက်ရှိအချိန်မှာတော့ သူ့ဝင်ငွေဟာ အရင်တုန်းကထက် ငါးဆနီးပါး ပြုတ်ကျသွားပြီး အခြေခံလူတန်းစားရဲ့ အောက်ဆုံးအဆင့်ကို ရောက်ရှိသွားပြီလို့ သူက ပြောပြပါတယ်။

“တစ်ရက်တလေဆို ပိုက်ဆံလေး တစ်ထောင်လောက်နဲ့ အိမ်ပြန်ခဲ့ရတဲ့ နေ့တွေရှိတယ်” လို့ သူက အဆိုးဆုံးကြုံရတဲ့ နေ့ရက်တချို့ကို ဖွင့်ဟပြောပြပါတယ်။

ဒီလိုအခြေအနေမျိုးကို ကိုအောင်မိုးဦးလိုပဲ တိုင်းအတွင်းက ရာနဲ့ချီတဲ့ ဧည့်လမ်းညွှန်တွေ၊ ခရီးသွား လုပ်ငန်းကို မှီခိုနေကြတဲ့ ရာထောင်ချီတဲ့ မိသားစုတွေလည်း ရင်ဆိုင်နေကြရပါတယ်။ ကိုဗစ်ကြောင့် အထိနာသွားတဲ့ ခရီးသွားလုပ်ငန်းကို စစ်အာဏာသိမ်းမှုရဲ့အကျိုးဆက် မတည်မငြိမ်၊ မလုံခြုံမှုက တစ်ဖန် ထိုးနှက်လိုက်ပြန်ပါတယ်။

ကိုဗစ်ကပ်ဘေးနဲ့ စစ်အာဏာသိမ်းမှုကြားမှာ ဧည့်လမ်းညွှန်တွေ မိသားစုဝမ်းရေးအတွက် ဘယ်လိုရုန်းကန် နေကြရပါသလဲ။

၂၀၂၀ မတ်လလောက်ကစပြီး ကိုဗစ်ကပ်ရောဂါကြောင့် မြိတ်မြို့မှာရှိတဲ့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေ၊ ဟိုတယ်လုပ်ငန်း တွေနဲ့ ဆက်စပ်လုပ်ငန်းတွေ အတော်များများဟာ ရပ်နားလိုက်ကြရပါတယ်။

မြိတ်မြို့မှာ ခရီးသွားဝန်ဆောင်မှုအေဂျင်စီ လေးဆယ်ကျော်ရှိပြီး စပိဘုတ်သင်္ဘောပိုင်တဲ့ ကုမ္ပဏီက တစ်ဆယ်ကျော်လောက် ရှိပါတယ်။

လုပ်ငန်းတွေ ယာယီရပ်နားလိုက်ရတော့ ခရီးသွားလုပ်ငန်းကို မှီခိုနေတဲ့ ကိုအောင်မိုးဦးလို ဧည့်လမ်းညွှန် တွေဟာလည်း အော်တို အလုပ်လက်မဲ့ ဖြစ်ခဲ့ကြရပြီး ခုချိန်မှာတော့ ရတဲ့အလုပ်တွေကို ရှာဖွေလုပ်ကိုင်ပြီး မိသားစု ဝမ်းရေးဖြေရှင်းနေကြရပါတယ်။

အသက် ၃၀ သာရှိသေးတဲ့ ကိုအောင်မိုးဦးမှာ မိန်းမနဲ့ တစ်နှစ်ခွဲအရွယ် သမီးလေးတစ်ယောက်ရှိပြီး ကိုဗစ်ကာလတစ်လျှောက်လုံး စားဝတ်နေရေးအတွက် လှေဆိပ်တွေမှာ ကုန်ထမ်းလိုက်၊ ဆိုင်ကယ်တက္ကစီ ဆွဲလိုက်၊ သူများခိုင်းတာ ဝယ်ပေးလိုက်နဲ့ ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းနေရပါတယ်။

“ကျောင်းဆရာက အလုပ်ကြမ်း ဝင်လုပ်ရသလိုပေါ့။ မနိုင်ဘူး ဆိုပေမယ့်လည်း မိသားစု ဝမ်းရေးအတွက် ယောင်္ကျားဆိုတဲ့ဇွဲနဲ့ အားတင်းပြီး လုပ်နေရတာပေါ့” လို့ သူက ဆိုပါတယ်။

တနင်္သာရီတိုင်းအတွင်း ဧည့်လမ်းညွှန် လုပ်ကိုင်သူ အမျိုးသား၊ အမျိုးသမီး လေးရာခန့်ရှိတယ်လို့ တိုင်းဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန စာရင်းအရ သိရပါတယ်။

လက်ရှိအချိန်မှာတော့ ဧည့်လမ်းညွှန်တွေဟာ ကိုအောင်မိုးဦးလိုပဲ တခြားသော အလုပ်တွေကို ပြောင်းလဲ လုပ်ကိုင်နေကြရပြီး ဝမ်းမီးကို ငြှိမ်းနေကြရပါတယ်။

အဲဒီလို ရုန်းကန်ဖြေရှင်းနေကြသူတွေထဲမှာ ကိုမိုးတစ်ယောက်လည်း ပါဝင်ပါတယ်။

ကျွန်းသားလေးလို့ မြိတ်မြို့ဂိုက်လောကမှာ လူသိများခဲ့တဲ့ ကိုမိုးဟာလည်း လက်ရှိအချိန်မှာ ဆိုင်ကယ် တက္ကစီမောင်းပြီး ဝမ်းရေးတိုက်ပွဲဝင်နေရပါတယ်။

သူဟာ ကိုဗစ်မဖြစ်ခင်က Freelance Guide လို့ခေါ်တဲ့ အလွတ်တန်း ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်ခဲ့ပြီး သူ့ဝင်ငွေဟာ တစ်လကို ဆယ်သိန်းနီးပါး ရှိခဲ့ပါတယ်။

သို့သော်လည်း အခုချိန်မှာတော့ အများနည်းတူ သူ့ဝင်ငွေကလည်း တော်တာ်များများ ကျဆင်းသွားပြီလို့ သူကပြောပြပါတယ်။

“ဝင်ငွေက ဇီးရိုးကို ရောက်သွားပြီ။ မိသားစု စားဖို့တောင် တော်တော်လေးရုန်းကန်နေရတယ်” လို့ ကိုမိုးက ညည်းပါတယ်။

ကိုမိုးဟာ အသက် ၃၀ ကျော်သာရှိသေးပြီး သူ့မှာလည်း မိန်းမနဲ့ ကလေးလေး နှစ်ယောက် ရှိပါတယ်။

အိမ်လခ၊ ရေဖိုးမီးဖိုးက တစ်လနှစ်သိန်းနီးပါးရှိနေပြီး စားသောက်စရိတ် မပါသေးဘူးလို့ သူက ပြောပါတယ်။

ကိုဗစ် ဒဏ်ခံနေရတဲ့ ကိုမိုးကို နိုင်ငံရေးပဋိပက္ခကလည်း ထပ်ဆင့် သောကပေးပြန်သည်။

ကိုဗစ် တတိယလှိုင်းကာလ မြိတ်မြို့မှာ ကိုဗစ်ကူးစက်မှု လျော့လာတဲ့အတွက် လူတွေ လမ်းပေါ်ထွက်ခွင့် ပြန်ရချိန် ဆိုင်ကယ်တက္ကစီမောင်းသူ ကိုမိုးအဖို့ မျှော်လင့်ချက်နဲ့ ပျော်ရွှင်ခဲ့ပါတယ်။

ဒါပေမယ့် ဆက်တိုက်ဆိုသလိုပဲ ဆိုင်ကယ်တစ်စီးမှာ အမျိုးသားနှစ်ဦး မစီးရဘူးလို့ စစ်ကောင်စီဘက် ပြန်ထုတ်လိုက်တဲ့ အမိန့်ကြောင့် သူမျှော်လင့်ချက်ဟာ မှေးမှိန်သွားရပြန်ပါတယ်။

“အမျိုးသမီးပဲ တင်လို့ရမယ်ဆိုတော့ ကျွန်တော်တို့မှာ ဆိုင်ကယ်ဆွဲရတာ လုံးဝကို အဆင်မပြေတော့ဘူး။ ဘာလုပ်ရမှန်းကို မသိဖြစ်သွားပြီ” လို့ သူက ညည်းပြန်ပါတယ်။

လက်ရှိအချိန်မှာ ကိုမိုး နည်းတူ ဧည့်လမ်းညွှန်တွေဟာ ဆိုင်ကယ်မောင်းသူမောင်း၊ ကုန်ထမ်းသူထမ်း၊ ဝါလတ် (ကမ်းနီးကမ်းဝေး ငါးဖမ်းလှေ) ၊ ဝါတန်း (ကမ်းဝေး ငါးဖမ်းလှေ) လိုက်သူလိုက်နဲ့ ကပ်ဘေးနှင့် နိုင်ငံရေးပဋိပက္ခအကြားမှာ စားဝတ်နေရေး ရုန်းကန်နေကြရ တယ်လို့ ဧည့်လမ်းညွှန်အသိုင်းအဝိုင်းက သိရပါတယ်။

အမျိုးသားဧည့်လမ်းညွှန်တွေ ကြုံရာကျပန်း အလုပ်လုပ်နေခဲ့ရသလို မြိတ်မြို့က ဧည့်လမ်းညွှန် အမျိုးသမီး တစ်ဦးဖြစ်တဲ့ မဖွေးအနေနဲ့လည်း လက်ရှိအချိန်မှာ ကလေးတွေကို အင်္ဂလိပ်စာသင်ပေးရင်း အဖျော်ရည်နဲ့ အသုတ်ဆိုင်လေးပါ ဖွင့်လှစ်ရောင်းချပြီးတော့ ဘဝကို ရပ်တည်နေရတယ်လို့ သူမက ပြောပြပါတယ်။

သူမမှာတော့ အဖေနဲ့ မောင်လေးရဲ့ ဝင်ငွေရှိနေပြီး လူလွတ်တစ်ယောက်လည်းဖြစ်တာမို့ လက်ရှိ အချိန်မှာတော့ တခြားဘဝတူတွေလို အများကြီး ရုန်းကန်ရတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ရောဂါဘယ ကပ်ဘေးအပြင် စစ်ရေးနိုင်ငံရေးကပ်ဘေးတွေကြောင့် နိုင်ငံတစ်ဝှမ်း အလုပ်လက်မဲ့ဖြစ်တဲ့ ပြည်သူတွေ တိုးပွားများပြားလာနေပါတယ်။

မြန်မာနိုင်ငံ လူဦးရေရဲ့ ထက်ဝက်ခန့်ဟာ လာမယ့်နှစ်အစောပိုင်းမှာ ဆင်းရဲနွမ်းပါးစွာ နေထိုင်ရမှာဖြစ်ပြီး ကိုဗစ်ကပ်ရောဂါဂယက်နဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် လွန်ခဲ့တဲ့ ငါးနှစ်ထက် အကြမ်းဖျင်းအားဖြင့် ဆင်းရဲနွမ်းပါးမှု နှစ်ဆတိုးလာတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP က ခန့်မှန်းထားပါတယ်။

UNDP က သတ်မှတ်ထားတဲ့ ဆင်းရဲမွဲတေမှုမျဉ်းအောက် တစ်ရက်ဝင်ငွေက ၁၅၉၀ ကျပ် (၀ ဒသမ ၉၀ ဒေါ်လာ) နဲ့ ရှင်သန်နေရသူဟာ ၂၀၁၇ ခုနှစ်မှာ ၂၄ ဒသမ ၈ ရာခိုင်နှုန်း ရှိခဲ့ပေမယ့် ယခုအခါ ၄၆ ဒသမ ၃ ရာခိုင်နှုန်းအထိ နှစ်ဆနီးပါး တိုးလာတယ်လို့ ထိုအဖွဲ့အစည်းက ဆိုပါတယ်။

မြို့ပြဒေသတွေမှာလည်း ဆင်းရဲမွဲတေမှုက ၂၀၁၇ ခုနှစ်မှာ ၁၁ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ပေမယ့် ယခုအခါ တုန်လှုပ်ဖွယ်ဖြစ်လာပြီး ၂၀၂၂ ခုနှစ် အစောပိုင်းမှာ ၃၇ ဒသမ ၂ ရာခိုင်နှုန်းခန့်ထိ ဆင်းရဲသွားမယ်လို့ UNDP က ခန့်မှန်းထားပါတယ်။

UNDP ရဲ့ခန့်မှန်းတာထက် တစ်နှစ်နီးပါးစောပြီး ဧည့်လမ်းညွှန် ကိုအောင်မိုးဦးတို့လို ဝမ်းရေးအတွက် ရုန်းကန် ရသူတွေလည်း တစ်နေ့တခြား တိုးပွားလာနေတာကို မြင်တွေ့နေကြရပါတယ်။

ကျွန်းတွေကိုအမှီပြုပြီး ခရီးသွားလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း အရောင်းအဝယ်လုပ်ငန်းတွေနဲ့ အူစိုခဲ့တဲ့ မြိတ်မြို့ဟာ ခုချိန်မှာတော့ ကပ်ဘေးနှင့် နိုင်ငံရေးပဋိပက္ခတွေကြောင့် ခရီးသွားလာသူ မရှိတဲ့အတွက် အထက်ပါ လုပ်ငန်းတွေဟာ ခြောက်ကပ်လို့နေပါတယ်။

တနင်္သာရီတိုင်းအတွင်း ၂၀၁၆ ခုနှစ်က ပြည်တွင်းပြည်ပခရီးသွားဧည့်သည် သုံးသိန်းသုံးသောင်းကျော်၊ ၂၀၁၇ တွင် သုံးသိန်းလေးသောင်းကျော်၊ ၂၀၁၈ တွင် သုံးသိန်းငါးသောင်းကျော် ဝင်ရောက်ခဲ့တယ်လို့ တိုင်းဟိုတယ်ခရီးညွန်ကြားမှုဦးစီးဌာန စာရင်းအရ သိရပါတယ်။

ဒီလိုတစ်နှစ်ကို တစ်သောင်းနှုန်း တိုးတိုးလာနေတဲ့ ဒေသတွင်းခရီးသွားလုပ်ငန်း ဦးမော့လာချိန် ကိုဗစ် ကပ်ဘေးနဲ့ နိုင်ငံရေးပဋိပက္ခတွေက ရိုက်ချိုးလိုက်သလိုဖြစ်ခဲ့ရပြီး အခုဆိုရင် ဇီးရိုးအဆင့်ကို ရောက်သွား ပြီလို့ ခရီးသွားလုပ်ငန်းရှင်တစ်ဦးကမှတ်ချက်ပေးပါတယ်။

ကိုဗစ်ကပ်ဘေးကြောင့် အဦးဆုံးအထိနာတဲ့ လုပ်ငန်းတွေမှာ ခရီးသွားလုပ်ငန်းက ထိပ်ဆုံးက ပါပါတယ်။ ပထမလှိုင်း၊ ဒုတိယလှိုင်းကို အလူးအလိမ့်ခံခဲ့ရပြီး ကိုဗစ် တစ်စခန်းငြိမ်သွားချိန် ခရီးသွားလုပ်ငန်း အပါအဝင် စီးပွားရေးလုပ်ငန်းတွေ ပြန်စဖို့ မျှော်လင့်ချက်ရောင်ခြည်သန်းလာပါတယ်။

ဒါပေမယ့် အဲဒီအချိန်မှာပဲ စစ်အာဏာသိမ်းမှုနဲ့ ထိပ်တိုက်တိုးပြီး မတည်ငြိမ်မှုတွေ ဖြစ်လာလို့ အားခဲမျှော်လင့်သမျှတွေဟာ သဲထဲရေသွန် ဖြစ်သွားခဲ့ရပြန်တယ်။

ကိုဗစ်ကပ်ဘေးကြောင့် နှစ်ချီ ရပ်နားထားတဲ့ လေကြောင်းလိုင်းနှင့် ခရီးသည်တင် ကားလိုင်းတွေဟာ ကိုဗစ် ကူးစက်မှု လျော့ကျလာတဲ့အတွက် လက်ရှိအချိန်မှာ ပြန်လည်ပြေးဆွဲနေကြပြီဆိုပေမဲ့လည်း ဒီဇင်ဘာလ အချိန်အထိ ကျွန်းခရီးစဉ်တွေ အလုပ်မဖြစ်သေးပါဘူးလို့ ခရီးသွားဝန်ဆောင်မှု
လုပ်ငန်းရှင်တွေက ပြောပါတယ်။

ပွင့်လင်းရာသီ ရောက်ပြီဆိုရင် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေနဲ့ ဝင်ထွက်စည်ကားနေတတ်တဲ့ မြိတ်မြို့က ဟိုတယ်တွေဟာ ခုဆိုရင်တည်းခိုသူ တစ်ဦးစနှစ်ဦးစသာရှိပြီး တိတ်ဆိတ်လို့နေပါတယ်။

အလားတူ ခရီးသွားဧည့်သည်တွေ တင်ဆောင်ပြီး လှပတဲ့ကျွန်းတွေနဲ့ မြိတ်မြို့အကြား ဥဒဟိုလွန်းထိုး ဝင်ထွက်သွားလာနေကြတဲ့ စပိဘုတ်အမြန်ယာဉ်ငယ်လေးတွေဟာလည်း မြိတ်ကမ်းနားရေပြင်မှာ လှိုင်းလေ ဒဏ်ခံရင်း စီးသူကင်းမဲ့လို့ နေပါတယ်။

ကိုဗစ်ကပ်ဘေးကနေ လွတ်မြောက်ဖို့၊ သွေးထွက်သံယိုဖြစ်နေတဲ့ နိုင်ငံရေးပဋိပက္ခတွေလည်း အမြန်ဆုံး လွန်မြောက်အေးချမ်းဖို့ ဒေသတွင်း ခရီးသွားလုပ်ငန်းရှင်တွေ နည်းတူ ဧည့်လမ်းညွန်တွေကလည်း မျှော်လင့်နေကြပါတယ်။

“ကြာလာလေလေ မိသားစုရပ်တည်ရေးက ခက်ခဲလာလေလေပဲ အမြန်ဆုံးနည်းနဲ့ပဲ အရင်အခြေအနေမျိုး ပြန်ရောက်ချင်လှပြီ” လို့ ဧည့်လမ်းညွှန်ဘဝကို မစွန့်လွှတ်နိုင်သေးသူ ကိုမိုးက ဆိုလေသည်။