၂ နှစ်နီးပါးရပ်ထားသည့် မွန်ကျောက်သင်ပုန်းလုပ်ငန်း ပြန်လည်ပတ်စပြု

0
605

မွန်ပြည်နယ် ဘီလူးကျွန်း (ချောင်းဆုံမြို့နယ်) က ၂ နှစ်နီးပါး ရပ်နားထားရသည့် ကျောက်သင်ပုန်းလုပ်ငန်းများ ပြန်လည်ပတ်စပြုနေပြီဖြစ်ကြောင်း ကျောက်သင်ပုန်းလုပ်ငန်း လုပ်ကိုင်သူတို့ထံမှ သိရသည်။

ကိုဗစ်စဖြစ်ကတည်းက ရပ်နားထားရသည့် ကျောက်သင်ပုန်းလုပ်ငန်းများ ယခုအခါ ကျောင်းများ၊ ကျောက်သင်ပုန်းရောင်းသည့် ဆိုင်များ ပြန်လည်ဖွင့်လှစ်လာသည့်အတွက် ကျောက်သင်ပုန်းလည်း အရောင်းအဝယ်ပြန်ဖြစ်လာကြောင်း ကျောက်သင်ပုန်းလုပ်ငန်းရှင်တို့က ပြောသည်။

“အခုမှ ကျောင်းတွေ ပြန်ဖွင့်လာမှ နည်းနည်းပြန်ရောင်းလာရတယ်” ဟု ဘီလူးကျွန်း မုဒွန်းကျေးရွာမှ ကျောင်းသင်ပုန်းလုပ်ငန်းရှင် ကိုအောင်မိုးခိုင်က ပြောသည်။

လက်ရှိတွင် ကျောက်သင်ပုန်းကို ကျောင်းသုံး စာရေးကိရိယာများအဖြစ် အနည်းငယ် အရောင်းအဝယ် ဖြစ်နေသည့်အပြင် အိမ်၊ ဟိုတယ်၊ စားသောက်ဆိုင် အစရှိသည့်နေရာတို့တွင် အလှဆင်ရန်အတွက်နှင့် လက်ဆောက်ပစ္စည်းများအဖြစ်လည်း အရောင်းအဝယ်ဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။

ကျောင်သင်ပုန်းကို မွန်ပြည်နယ်ဈေးကွက်များအပြင် ရန်ကုန်၊ မန္တလေးဈေးကွက်သို့လည်း အမှာများ ရှိလာကြောင်း ကျောက်သင်ပုန်းလုပ်ငန်းရှင်တို့ထံမှ သိရသည်။

“အရင်လို အရောင်းအဝယ် မရှိသေးဘူး။ အမှာရှိမှပဲ နည်းနည်းပါးပါး ရောင်းနေရတယ်။ ခရီးသွားတွေ လည်း မလာတော့ မရောင်းရဘူး” ဟု ကျောက်သင်ပုန်းလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ယခင်က ကျောင်သင်ပုန်းကို ကျောင်းသုံး စာရေးကိရိယာအဖြစ်သာ ထုတ်လုပ်ရောင်းချခဲ့သော်လည်း ယခုအခါ ဒီဇိုင်းပုံစံမျိုးစုံဖြင့် ဟိုတယ် စားသောင်ဆိုင်တို့တွင် Menu ရေးသားသည့်ဆိုင်းပုဒ် အရွယ်စားရှိ အကြီးစားကျောက်သင်ပုန်း၊ ဖုန်းအရွယ်အစားရှိ အသေးစားကျောက်သင်ပုန်း၊ ကျောက်သင်ပုန်းပန်းချီ၊ အလှချိတ်အမှတ်တရပစ္စည်း အစရှိသည့် ဒီဇိုင်းပုံစံများ ထုတ်လုပ်လာကြသည်။

ကျောက်သင်ပုန်း၊ ကျောက်တန်လုပ်ငန်းသည် ဘီလူးကျွန်း (ချောင်းဆုံမြို့နယ်) မုဒွန်းကျေးရွာ၏ အဓိက လုပ်ကိုင်နေကြသည့် ရိုးရာလက်မှုလုပ်ငန်းတစ်ခုဖြစ်သည်။

ဘီလူးကျွန်းတွင် ကျောက်သင်ပုန်း၊ ကျောက်တန်လုပ်ငန်းများအပြင် ဆေးတံ၊ တုက်ကောက်၊ ခမောက်၊ စက္ကူအရုပ်၊ ခြေသုတ်ခုံ၊ ကြိမ်ဖြင့် ပြုလုပ်သည့် အသုံးအဆောင်ပစ္စည်းအမျိုးမျိုး၊ ပန်းပု အစရှိသည့် ရိုးရာလက်မှု လုပ်ငန်းများကိုလည်း လုပ်ကိုင်ကြသည်။