မြိတ်ရော်ဘာဈေး အနည်းငယ်ကျ

0
326

မြိတ်ရော်ဘာဈေးကွက်အတွင်း ရာသီစအဖွင့်ထက် ဈေးနှုန်းအနည်းငယ် ကျဆင်းနေကြောင်း ရော်ဘာခြံ လုပ်ငန်းအသိုင်းအဝိုင်းထံမှ သိရသည်။

လက်ရှိတွင် ရော်ဘာနေလှမ်းပြား တစ်ပိဿာလျှင် သုံးရာကျပ်အထိနှင့် ခွက်လုံး၊ ခွက်ခဲ၊ ခွက်ကပ် တစ်ပိဿာလျှင် ၃၅၀ ကျပ်အထိ ဈေးနှုန်းကျဆင်းနေကြောင်း ရော်ဘာခြံလုပ်ကိုင်နေသူအချို့က ပြောသည်။

ရော်ဘာ ခွက်လုံး၊ ခွက်ခဲ၊ ခွက်ကပ် တစ်ပိဿာလျှင် ၂၀၀၀ ကျပ်ဈေးရှိရာမှ ၁၆၅၀ ကျပ်အထိ ဈေးကျခဲ့ခြင်း ဖြစ်ကြောင်း ရွှေဒူးရွာနေ ရော်ဘာခြံ လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

“တစ်ခါ ရောင်းရင် ပိဿာငါးရာဆိုတော့ နှစ်သိန်းနီးပါးအထိ လျော့သွားတာ” ဟု ၎င်းကဆိုသည်။

အဆိုပါ ရွှေဒူးရွာနှင့် အနီးတဝိုက်ကျေးရွာတို့ရှိ ရော်ဘာခြံတို့တွင် ရော်ဘာခွက်လုံး၊ ခွက်ခဲ၊ ခွက်ကပ်တို့ကို အများဆုံး ပြုလုပ်ရောင်းချလေ့ရှိကြကြောင်း ရော်ဘာခြံလုပ်ကိုင်နေသူများထံမှ သိရသည်။

မြိတ်ဒေသထွက် ရော်ဘာတို့အား အဝယ်ဒိုင်တို့မှ တစ်ဆင့် ထိုင်းနှင့် တရုတ်နိုင်ငံတို့အား တင်ပို့ရောင်းချ နေကြကြောင်း ရော်ဘာဈေးကွက်ထံမှ သိရသည်။

“ထိုင်းဘက်က အဝယ်လျော့သွားရင် ဈေးကျတာပဲ” ဟု ပင်းအိုရွာရှိ ရော်ဘာနေလှမ်းပြား တို့ပြုလုပ် ရောင်းချ နေသည့် ရော်ဘာခြံရှင်တစ်ဦးက ပြောသည်။

လက်ရှိတွင် ထိုင်းဘက်က အဝယ်လျော့သဖြင့် ဈေးကျခြင်းဖြစ်ကြောင်း ရော်ဘာခြံ လုပ်ငန်းအသိုင်းအဝိုင်းထံမှ သိရသည်။

“ထိုင်းဘက်က အဝယ်လိုက်လို့ ဈေးကောင်းတာ၊ အဝယ်လျော့ပြီဆို ဈေးပြန်ကျတာပဲ။ အခုက ဘတ်ဈေး တက်တာလဲ ပါတာပေါ့” ဟု ရော်ဘာနေလှမ်းပြား ပြုလုပ်ရောင်းချသည့် ရော်ဘာခြံရှင်တစ်ဦးက ပြောသည်။

ရော်ဘာခြံလုပ်ကိုင်သူများသည် ရော်ဘာကို ထိုင်းနှင့် တရုတ်နိုင်ငံသို့ တိုက်ရိုက် မတင်ပို့ဘဲ ခြံအတွင်းသို့ လာရောက်ဝယ်ယူကြသည့် တစ်ဆင့်ခံ ရောင်းဝယ်သူတို့ထံ ရောင်းချလေ့ ရှိကြသည်။