ရေဖြူတွင် NLD မြို့နယ်အလုပ်အမှုဆောင်နှစ်ဦး၏ နေအိမ် ချိတ်ပိတ်ခံရ

0
208
ချိတ်ပိတ်ခံထားရသည့် NLD ပါတီ ရေဖြူမြို့နယ် အလုပ်အမူဆောင် ဦးသိန်းဇော်ဦး နေအိမ်

ထားဝယ်ခရိုင် ရေဖြူမြို့တွင် NLD ပါတီ မြို့နယ်အလုပ်အမှုဆောင် နှစ်ဦး၏ နေအိမ်အား စစ်ကောင်စီက ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ချိတ်ပိတ်လိုက်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ရေဖြူမြို့ (ဃ) ရက်ကွက် နှင်းဆီလမ်းရှိ ဦးသိန်းဇော်ဦး နေအိမ်နှင့် ၎င်းရပ်ကွက် ရေတံခွန်လမ်းသွယ်ရှိ ဦးအောင်ဇော်ထွေးနေအိမ်တို့ ချိတ်ပိတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

ဦးသိန်းဇော်ဦးနှင့် ဦးအောင်ဇော်ထွေးတို့ နှစ်ဦးမှာ NLD ပါတီ ရေဖြူမြို့နယ် အလုပ်မှုဆောင်အဖွဲ့ဝင်များ ဖြစ်ကြသည်။

PDF အဖွဲ့များနှင့် ဆက်သွယ်သည်ဟုဆိုကာ ချိတ်ပိတ်လိုက်ခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦးစလုံးမှာ မိသားစုအလိုက် တိမ်းရှောင်နေကြရသူများ ဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

“အိမ်မှာ လူမရှိဘူးဆိုတော့ အိမ်ကိုပဲ ချိတ်ပိတ်ပြီး ပြန်သွားကြတယ်။ (ချိတ်ပိတ်ထားတဲ့) အိမ်ခြံထဲကို ဘယ်သူမှ မဝင်ရဘူးလို့လည်း မှာသွားတယ်” ဟု ရေဖြူမြို့ခံတစ်ဦးက ပြောသည်။

ချိတ်ပိတ်ခံရသည့် နေအိမ်ကို ယခင်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်ရှာဖွေခဲ့ဖူးပြီး နေအိမ် အား ရိုက်ဖျက်ခြင်း၊ ပစ္စည်းအချို့ကို ယူဆောင်းသွားခြင်းတို့ ပြုလုပ်ခဲ့ဖူးကြောင်း ဒေသခံ အချို့က ဆိုသည်။

ယင်းအပြင် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင်ပင် သရက်ချောင်းမြို့နယ် ‌ကျွဲမင်းကုန်ကျေးရွာက NLD အမာခံ တစ်ဦး၏ နေအိမ်လည်း ချိတ်ပိတ်ခံရသေးသည်။ ယင်းသတင်းကို Dawei Watch တွင် ဖော်ပြပြီးဖြစ်ပြီး ဖြစ်သည်။

Dawei Watch က စုံစမ်းရသမျှ တနင်္သာရီတိုင်းတွင် ချိတ်ပိတ်ခံခဲ့ရသည့် နေအိမ် စုစုပေါင်း ၇ ဆောင် ရှိပြီဖြစ်သည်။

၎င်းတို့မှာ လောင်းလုံးမြို့နယ်တွင် ၃ ဆောင်၊ ရေဖြူမြို့နယ်တွင် ၂ ဆောင်၊ သရက်ချောင်းမြို့နယ်တွင် တစ်ဆောင်၊ မြိတ်မြို့တွင် တစ်ဆောင် တို့ဖြစ်သည်။

ဆက်စပ်သတင်းများ

ထင်ရှားသော ထားဝယ်လူငယ်ခေါင်းဆောင် နေအိမ် ချိတ်ပိတ်ခံရ

သရက်ချောင်း ကျွဲမင်းကုန်းရွာက NLD ပါတီအမာခံ၏ နေအိမ် ချိတ်ပိတ်ခံရ

လောင်းလုံးတွင် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး နေအိမ် ချိတ်ပိတ်ခံရ