သရက်ချောင်း ကျွဲမင်းကုန်းရွာက NLD ပါတီအမာခံ၏ နေအိမ် ချိတ်ပိတ်ခံရ

0
346

သရက်ချောင်းမြို့နယ်၊ ကျွဲမင်းကုန်းရွာက NLD ပါတီအမာခံ ဦးစိုးသိန်း၏ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၁၄ ရက်တွင် လာရောက်ချိတ်ပိတ်သွားကြောင်း ဒေသခံအချို့၏ ပြောပြချက်အရသိရသည်။

ကျွဲမင်းကုန်းရွာ အနီးဝန်းကျင်က ကနက်သီရိရွာ၌ ပြည်သူ့စစ်နှစ်ဦး အသတ်ခံရသည့်ဖြစ်စဉ်တွင် ပါဝင်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဩဂုတ်လ ကုန်ပိုင်းကပင် စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထား သည်ဟုလည်း ဒေသခံ အချို့က ပြောသည်။

ဒီဇင်ဘာလ ၁၃ ရက် ည ၈ နာရီခန့်တွင် ဦးစိုးသိန်းနှင့် လူငယ်တစ်ဦးတို့ ဆိုင်ကယ်ဖြင့် ကတွဲရွာသို့ သွားစဉ် ပျူစောထီး အဖွဲ့က တားဆီးပြီး စစ်ကောင်စီတပ်ကို ဖုန်းခေါ်သဖြင့် ဆိုင်ကယ်ထားကာ ၎င်းတို့နှစ်ဦး ကိုယ် လွတ်ရုံး ထွက်ပြေးလာခဲ့ရသည်ဟု သိရကြောင်း ဦးစိုးသိန်းနှင့် ဆွေမျိုးတော်စပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းဖြစ်စဉ်အပြီးတွင် ဦးစိုးသိန်းနှင့် မိသားစုဝင်များမှာ တိမ်းရှောင်သွားပြီဖြစ်သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် များ ဝင်ရောက်လာချိန် နေအိမ်တွင် မရှိကြောင်း ၎င်းက ဆိုသည်။

ယင်းနေ့ ည ၁၁ နာရီခွဲတွင်ပင် ဦးစိုးသိန်း၏ နေအိမ်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးခန့် စစ်ကားသုံးစီးဖြင့် ရောက်ရှိလာရာ လူကိုမတွေ့သဖြင့် အိမ်ရှိပစ္စည်းများကို ရိုက်ခွဲဖျက်ဆီးပြီး ပြန်ထွက်သွားကြကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းနောက် ဒီဇင်ဘာလ ၁၄ ရက် မွန်းလွဲ ၂နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်မံရောက်ရှိလာပြီး နေအိမ်အတွင်းရှိ ပစ္စည်းအားလုံးကို ကားပေါ်တင်သိမ်းဆည်းပြီး နေအိမ်ကို ချိတ်ပိတ် စာပြားကပ်သွားကြောင်း ၎င်းက ဆိုသည်။

“ယူဆောင်သွားတာကတော့ အကုန်လုံးပဲ ဘာမှကို မကျန်ဘူး။ အိမ်ထဲက ရှိသမျှပစ္စည်းအကုန်လုံးပဲ။ ပြောရမယ်ဆို အကုန်လုံးပဲ စပါးရိတ်တဲ့ တံဇဉ်ကအစ အချိုမှုန့်၊ ဆား ဘာမှကို မရှိဘူးတော့ဘူး။ အားလုံး ကို ကားပေါ်တင်ပြီးမှ သူတို့ ချိတ်ပိတ်လိုက်တယ်” ဟု ၎င်းက ပြောဆိုသည်။

ဦးစိုးသိန်းသည် PDF အဖွဲ့နှင့် ဆက်နွယ်သည်၊ ထောက်ပံ့သည်ဟုဆိုကာ ဖမ်းဆီးရန်လာခြင်းဖြစ်ကြောင်း ကျွဲမင်းကုန်းကျေးရွာမှ မျက်မြင်တွေခဲ့သူ အမျိုးသမီးနှင့် ၎င်း ဆွေမျိုးတော်စပ်သူ အမျိုးသမီးတစ်ဦးတို့က ပြောသည်။

“ပတ်ဝန်းကျင်အိမ်တွေကို အားနာလို့ မီးမရှို့တာလို့ ပြောခဲ့တယ်တဲ့။ ချိတ်ပိတ်သည်ဆိုတဲ့ စာပြား ကပ်တယ်” ဆွေမျိုးနီးစပ်တော်သူက ဆိုသည်။

အသက် ၅၃ နှစ်ခန့်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ဦးစိုးသိန်းသည် ကျေးရွာတွင် NLD ပါတီ ဦးဆောင်သူတစ်ဦးလည်းဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။