သရက်ချောင်းမြို့ပေါ်ရှိ ဆိုင် ၃၀ ကျော်ကို ပိတ်ခိုင်း

0
616

သရက်ချောင်းမြို့ပေါ်ရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ကုန်စုံဆိုင် စသည်ဖြင့် ဆိုင်ပေါင်း ၃၀ ကျော်ကို ဒီဇင်ဘာလ ၁၁ ရက်တွင် ပိတ်ထားခိုင်းထားကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံက သိရသည်။

ကိုဗစ်ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ လုပ်ဆောင်မထားဘဲ ဖွင့်လှစ်နေသည့် ဆိုင်များကို ပိတ်သိမ်းခိုင်းထားခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

တနင်္သာရီတိုင်း အပါအဝင် တစ်နိုင်ငံလုံးတွင် ဒီဇင်ဘာလ ၁၀ ရက်နေ့က တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်ပြုလုပ်ကြပြီး ဆိုင်များလည်း ပိတ်ထားခဲ့ကြသည်။

ယင်းသပိတ်အပြီး နောက်တစ်ရက်တွင် ဆိုင်များပိတ်သိမ်းရန် ညွှန်ကြားချက်ထုတ်ခြင်းမှာ အဆိုပါသပိတ်ကြောင့် လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ဝေဖန်မှုများရှိနေသည်။

သရက်ချောင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်စွမ်ကမူ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု လွှမ်းခြုံနိုင်ရန်နှင့် ကိုဗစ်ကြိုတင်ကာကွယ်ရေးအတွက် ပိတ်သိမ်းခိုင်းခြင်းသာဖြစ်ကြောင်း ပြောသည်။

ညွှန်ကြားစာတွင်လည်း ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု လွှမ်းခြုံနိုင်ရန်အတွက်ဟုသာပါရှိကြောင်း ၎င်းက ဆိုသည်။

“(အသံတိတ်သပိတ်) အဲဒါနဲ့ ဆိုင်မှာ မဟုတ်ဘူး၊ တို့ကို ညွှန်ကြားတာတော့ အဲဒီအတွက် မဟုတ်ဘူး။ ကိုဗစ်အတွက် ညွှန်ကြားတာ။ သူတို့စာထွက်တာမှာလည်း ကိုဗစ်နဲ့ ပက်သက်ပြီးပဲ ပါတယ်။ အဲဒါနဲ့ ပက်သက်ပြီး ပါမှ မပါဘဲ” ဟု ဦးတင်စွမ်က ပြောဆိုသည်။

ဖွင့်လှစ်ရောင်းချလိုသည့် ဆိုင်များအနေဖြင့် ဆိုင်ရှင်အပါအဝင် ၎င်းတို့၏ မိသားစုများ၊ ဝန်ထမ်းများမှာ ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်တင်ပြနိုင်ရမည်ဖြစ်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဆိုင်တွင် ကိုဗစ်စည်းကမ်း သတ်မှတ်ချက်များ ပြုလုပ်ထားသည်ကိုလည်း တင်ပြရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကိုဗစ်စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လိုက်နာလုပ်ဆောင်ထားသည့် ဆိုင်များကို သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးမည်ဖြစ်ပြီး ယင်းအဖွဲ့က ဖွင့်လှစ်ခွင့်ပြုမှသာ ဖွင့်လှစ်ရမည်ဖြစ်သည်ဟု ဦးတင်စွမ်က ဆက်လက်ပြောဆိုသည်။

မြို့ပေါ်ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်ရှင်တစ်ဦးကမူ ကိုဗစ်စည်းကမ်းသတ်မှတ်ချက်များ လုပ်ဆောင်ပြီး မှသာ ဆိုင်ဖွင့်လှစ်ရောင်းချရန် သက်ဆိုင်ရာက ညွှန်ကြားထားသည်ဟု ကြားရသော်လည်း ၎င်းဆိုင်ထံ ညွှန်ကြားစာ မရောက်လာသေးကြောင်း ဒီဇင်ဘာလ ၁၃ ရက်က ပြောသည်။

“ကိုဗစ်စည်းကမ်းချက်နှင့် အညီရောင်းပါဆိုပြီးတော့ စာထုတ်ထားတယ်လို့တော့ပြောတယ်။ ကျွန်တော့်ဆီ ကိုတော့ မရောက်လာဘူး။ မြို့ပေါ်ရပ်ကွက်က ဆိုင်အားလုံးလိုပဲ ဖွင့်နေကြတာပဲ” ဟု ၎င်းက ပြောသည်။

အမှုဆောင်အရာရှိ ဦးတင်စွမ်ကမူ ပိတ်သိမ်းခိုင်းထားသည်ကို ဆက်ဖွင့်နေပါက သက်ဆိုင်ရာဌာန၏ ညွှန်ကြားချက်ဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ပြောဆိုသည်။

“သူတို့က စောစောစီးစီး မတင်ပြဘဲနဲ့ ဆက်ဖွင့်နေတယ်ဆိုရင် (သက်ဆိုင်ရာက) တရားစွဲပါဆိုရင် တို့က စွဲရမှာပေါ့” ဟု ၎င်းက ပြောသည်။

သရက်ချောင်းမြို့ပေါ်ရပ်ကွက်တွင် ဆိုင်ပေါင်း ၆၀ ကျော်ရှိပြီး လက်လှမ်းမီသမျှ ပိတ်သိမ်းရန်ညွှန်ကြား ထားသည့် ဆိုင်ပေါင်း ၃၀ ရှိသည်ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

လက်ရှိအချိန်ထိ ကိုဗစ်စည်းကမ်းသတ်မှတ်ချက်နှင့်အညီ လုပ်ဆောင်ထားသည်ဟု တင်ပြထားသည့် စားသောက်ဆိုင် တစ်ဆိုင်သာရှိကြောင်း အထက်ပါအဖွဲ့ထံက သိရသည်။

ထားဝယ်မြို့ပေါ်ရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင် စသည့်တို့ကို ကိုဗစ်စည်းကမ်း သတ်မှတ်ချက်နှင့် အညီ ဆိုင်ထိုင် စားသောက်ခွင့်ပြုထားသည်မှာ သုံးပတ်ခန့်ရှိပြီဖြစ်ကြောင်း ထားဝယ်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးအောင်စိုးမိုးက ပြောသည်။