မောတောင်နယ်စပ်အနီး ထိုင်းတွင် ငါးရက်အတွင်း မြန်မာလုပ်သား ၄၀၀ နီးပါး ဖမ်းဆီးခံရ

0
235
ဒီဇင်ဘာလ ၆ ရက်နေ့က ဖမ်းဆီးခံရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ။

တနင်္သာရီမြို့နယ်ရှိ မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ဂိတ်ဖြစ်သည့် မောတောင်နယ်စပ်ဂိတ်၏ တစ်ဘက်ကမ်း ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်တွင် ဒီဇင်ဘာ ၂ ရက်မှ ၆ ရက်အထိ ငါးရက်တွင်း မြန်မာရွှေ့ပြောင်း အလုပ် သမား ၄၀၀ နီးပါး ဖမ်းမိကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

ဒီဇင်ဘာလ ၂ ရက်နေ့က ပရာကျွတ်ခီရီခန်ခရိုင်နှင့် ကန်ချနပူရီခရိုင်တို့တွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၆၉ ဦးတို့အား ဖမ်းမိခဲ့သည်။ ယင်းနောက် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ပရာကျွတ်ခီရီခန်ခရိုင်အတွင်း နေရာ သုံးနေရာတွင် စုစုပေါင်း အလုပ်သမား ၁၃၀ ဦး ထပ်မံဖမ်းမိကြောင်း အဆိုပါဌာနက ထုတ်ပြန်ထားသည်။

ပရာကျွတ်ခီရီခန်ခရိုင်းအတွင်းပင် ဒီဇင်ဘာလ ၆ ရက်နေ့ကလည်း ၄၉ ဦး (အမျိုးသား ၃၃ ဦး၊ အမျိုးသမီး ၁၆ ဦး) နှင့် ကန်ချနဘူရီခရိုင်တွင် ၁၃ ဦး (အမျိုးသား ငါး ဦး၊ အမျိုးသမီး ရှစ်ဦး) စုစုပေါင်း ၆၂ ဦးတို့ကို ထပ်မံ ဖမ်းမိကြောင်း ဆက်လက်ထုတ်ပြန်ထားသည်။

ထို့ကြောင့် ဒီဇင်ဘာလ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ မြန်မာရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၃၆၁ ဦး ဖမ်းဆီးခံထားရသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းနိုင်ငံအတွင်းသို့ မောတောင်နယ်စပ်တစ်လျှောက်ရှိ တောလမ်းတို့မှ တရားမဝင် ဝင်ရောက်ကြသဖြင့် ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မောတောင်နယ်စပ်နေသူအချို့ထံမှ သိရသည်။

“သွားတဲ့သူတွေ သွားနေကြတုန်း၊ ဖမ်းတဲ့သူကလည်း ဆက်ဖမ်းနေဦးမှာပဲ” ဟု မောတောင်နယ်စပ်နေ အသက် ၄၀ နှစ်ကျော်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံရေး အပြောင်းအလဲနှင့် ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပေါ်ခဲ့သည့်အချိန်မှစပြီး လက်ရှိအချိန်အထိ ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်မှု မကြာခဏဖြစ်ပေါ်နေသည်။

ဖမ်းဆီးခံထားရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားတို့အား သက်ဆိုင်ရာခရိုင်တို့ရှိ ရဲစခန်းတို့တွင် အရေးယူ ဆောင်ရွက်ထားကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာနက ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် လမ်းကြောင်းမှ ဝင်ရောက်ကြသူတို့သည် တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မော်လမြိုင်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ ဖြစ်ကြပြီး ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ်‌ငွေ ၁၈၀၀၀ (ကျပ် ၁၀ သိန်းနီးပါး) မှ ၂၉၀၀၀ (ကျပ် ၁၅ သိန်းကျော်) အထိ ပေးဆောင်ခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။