မောတောင်နယ်စပ်အနီး ထိုင်းတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၆၀ ကျော်ဖမ်းဆီးခံရ

0
238
ဒီဇင်ဘာလ ၂ ရက်နေ့က ဖမ်းဆီးခံရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ။

တနင်္သာရီမြို့နယ်ရှိ မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ဂိတ်ဖြစ်သည့် မောတောင်နယ်စပ်ဂိတ်၏ တစ်ဘက်ကမ်း ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်တွင် ဒီဇင်ဘာလ ၂ ရက်နေ့က မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၆၉ ဦး ဖမ်းမိကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာနက ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံသို့ တရားမဝင် နည်းလမ်းဖြင့် ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများကို နေရာလေးခုတွင် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နေရာလေးခုအနက် ပရာကျွတ်ခရီခန်ခရိုင်ရှိ ၂၇ ဦး တစ်နေရာ၊ ၂၁ ဦး တစ်နေရာ၊ ၈၃ ဦး တစ်နေရာ ဖမ်းမိပြီး ပရာကျွတ်ခီရီခန်ခရိုင်နှင့် ဆက်စပ်နေသည့် ကန်ချနပူရီခရိုင်တွင် ၃၈ ဦးတို့ကို တစ်ညတည်းတွင် ဖမ်းမိကြောင်း ယင်းစာမျက်နှာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံရေး အပြောင်းအလဲဖြစ်ပေါ်ခြင်းနှင့် ကိုဗစ်တတိယလှိုင်း ရင်ဆိုင်ကြပြီးနောက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်မှု မကြာခဏ ဖြစ်ပေါ်နေကြောင်း မြိတ်-ပရာကျွတ် ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူ တစ်မျိုးသားတစ်ဦးက ပြောသည်။

“မြန်မာပြည်မှာ ဒုက္ခဖြစ်တော့ အားကိုးတကြီးနဲ့ သွားကြတာပေါ့” ဟု ၎င်းက ဆိုသည်။

ထို့အပြင် ထိုင်းနိုင်ငံအတွင်း တရားမဝင် လုပ်ကိုင်နေသည့် အလုပ်သမားများအတွက် တရားဝင်နေထိုင်‌နိုင်မည့် ပန်းရောင်ကတ်ပြား ပြုလုပ်ပေးနေသည့်အတွက် သွားရောက်ကြခြင်းလည်းဖြစ်ကြောင်း မြိတ်-ပရာကျွတ် ခရီးသွားလုပ်ငန်း အသိုင်းအဝိုင်းထံမှ သိရသည်။

ဖမ်းမိထားသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၆၉ ဦးကို သက်ဆိုင်ရာခရိုင်တို့ရှိ ရဲစခန်းတို့တွင် အရေးယူ ဆောင်ရွက်ထားကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာနက ထုတ်ပြန်ထားသည်။

ဖမ်းဆီးခံရသူ ၁၆၉ ဦးတို့မှာ တနင်္သာရီတိုင်းဒေသကြီး၊ မော်လမြိုင်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ ဖြစ်ပြီး ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ်‌ငွေ ၁၈၀၀၀ (ကျပ်ကိုးသိန်းကျော်) မှ ၂၅၀၀၀ (ကျပ် ၁၃ သိန်းဝန်းကျင်) အထိ ပေးခဲ့ရကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်နေ့က မြန်မာရွှေ့ပြောင်းအလုပ်သမား ၉၀ ဦး၊ ၂၆ ရက်နေ့တွင် ၇၀ ဦးနှင့် ၂၇ ရက်နေ့တွင် ၇၆ ဦးတို့အား ပရာကျွတ်ခီရီခန်ခရိုင်တွင် ဖမ်းဆီးခံခဲ့ရသေးသည်။

ဓာတ်ပုံ- ဒီဇင်ဘာလ ၂ ရက်နေ့က ဖမ်းဆီးခံရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ။