မြိတ်ဒေသထွက် ကဏန်းမဲ ကိုဗစ်မတိုင်ခင် ဈေးနှုန်း ပြန်မရသေး

0
296
မြိတ်မြို့ရှိ ကဏန်းအဝယ်ဒိုင်တစ်ခု

မြိတ်ဒေသမှ ထွက်ရှိသည့် ကဏန်းမဲများ ကိုဗစ်ကပ်ဘေး မဖြစ်ခင်က ဈေးနှုန်းသို့ ပြန်လည် မရောက် သေးကြောင်း ကဏန်းအဝယ်ဒိုင်များထံမှ သိရသည်။

ကိုဗစ်ကပ်ဘေး မဖြစ်ခင်က တစ်ပိဿာ ကျပ်နှစ်သောင်းရှစ်ထောင်ဖြင့် ဝယ်ယူနေသည့် ကဏန်းမဲများမှာ ယခုအခါ တစ်သောင်းရှစ်ထောင်ကျပ်ဖြင့် ဝယ်ယူနေပြီး ဈေးငြိမ်နေကြောင်း ကဏန်းဝယ်ယူ ရောင်းချနေသူ များက ပြောသည်။

“ဈေးကတော့ ဒီအတိုင်းပဲ သွားနေတယ်” ဟု မြိတ်မြို့၊ မြို့သစ်ရပ်မှ ကဏန်းအဝယ်ဒိုင်ပိုင်ရှင် ဦးအေးလွင် က ပြောသည်။

ဝယ်ယူရရှိသည့် ကဏန်းများကို ယခင်က တရုတ်နှင့် ထိုင်းသို့ တင်ပို့နေသော်လည်း ယခုအခါ ထိုင်း တစ်နိုင်ငံတည်းကိုသာ တင်ပို့နေရသဖြင့် ဈေးနှိမ်ဝယ်ယူနေသည့် အနေအထားဖြစ်နေသည်ဟု ကဏန်း ရောင်းဝယ်သူအချို့က မှတ်ချက်ပေးသည်။

“ကျွန်တော်တို့က ထိုင်းကို အကြွေးနဲ့ ပို့ပေးနေရတယ်။ ငွေက ချက်ချင်းမရဘူး။ လုပ်ရကိုင်ရတာ အဆင် မပြေဘူး” ဟု ဦးအေးလွင်က ပြောသည်။

ကဏန်းမဲများကို မြိတ်ကျွန်းစုရှိ ပင်လယ်ရွာများက လာရောက်ရောင်းချလျှက်ရှိပြီး တစ်လလျှင် ပိဿာချိန် လေးထောင်ခန့် ၎င်းတို့ဒိုင်က ဝယ်ယူလျှက်ရှိကြောင်း ဦးအေးလွင်က ပြောပြသည်။

ကဏန်းဝယ်ယူရာတွင် ဆိုဒ်လေးမျိုးခွဲကာ ဝယ်ယူလျှက်ရှိပြီး ပထမအကြီးဆုံးဆိုဒ် တစ်ပိဿာလျှင် ကျပ် တစ်သောင်းရှစ်ထောင်၊ ဒုတိယအကြီးဆိုဒ် တစ်သောင်းသုံးထောင့်ငါးရာ၊ အလတ်ဆိုဒ် ကျပ်တစ်သောင်း နှင့် အငယ်ဆုံးဆိုဒ်ကို ကျပ်ခြောက်ထောင်ဈေး ပေးကာ ဝယ်ယူလျှက်ရှိကြောင်း ၎င်းက ဆိုသည်။

မြိတ်မြို့တွင် ကဏန်းဝယ်ယူကာ ပြည်တွင်းနှင့် ပြည်ပသို့ ပြန်လည် ရောင်းချနေသည့် ဂဏန်းမဲ အဝယ်ဒိုင် ၂၀ နီးပါးရှိကြောင်း ယင်းအသိုင်းအဝိုင်းထံမှ သိရသည်။