တနင်္သာရီအပါအဝင် တစ်နိုင်ငံလုံးတွင် HIV လူနာ ဆေးခန်းရက်ချိန်းပျက်မှု မြင့်တက်

0
723

စစ်အာဏာသိမ်းပြီးနောက် မတည်မငြိမ်မှုများကြောင့် တနင်္သာရီတိုင်း အပါအဝင် တစ်နိုင်ငံလုံးတွင် HIV လူနာများ ဆေးခန်းရက်ချိန်းပျက်ကွက်မှု မြင့်တက်လာကြောင်း နယ်စည်းမထား ဆရာဝန်များအဖွဲ့(MSF) နှင့် တနင်္သာရီအခြေစိုက် လူမှုအဖွဲ့အစည်းအချို့ထံမှ သိရသည်။

စစ်အာဏာသိမ်းသည့် ယခုနှစ် ဖေဖော်ဝါရီလမှ အောက်တိုဘာလအထိ ဆယ်လတာကာလအတွင်း တစ်နိုင်ငံလုံးတွင် ဆေးခန်းရက်ချိန်း ပျက်ကွက်မှု ၂၉၂၉ ခုရှိကြောင်း၊ အဆိုပါ ပျက်ကွက်မှု ပမာဏသည် ယမန်နှစ်ထက် ၈၉ ရာခိုင်နှုန်း ပိုများလာကြောင်း ကမ္ဘာ့ ခုခံအားကျ ကာလသားရောဂါ တိုက်ဖျက် ရေးနေ့ဖြစ်သည့် ဒီဇင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်သည့် MSF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဆက်သွယ်၍ မရသည့် လူနာများစွာ ရှိနေကြာင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ တိုင်းနှင့် ပြည်နယ်အလိုက် ဆေးခန်းရက်ချိန်း ပျက်ကွက်သည့် စာရင်းအတိအကျကိုမူ ယင်းအဖွဲ့က ထုတ်ပြန် ထားခြင်း မရှိပေ။

ဆေးခန်းရက်ချိန်းပျက်ကွက်ပြီး ကုသမှုပြတ်တောက်ခြင်းကြောင့် ဗိုင်းရပ်ပိုးကောင်ရေ ပိုမိုများပြားလာပြီး ဆေးကုသမှု ထိရောက်နိုင်စွမ်းလည်း ကျဆင်းလာမည်ဖြစ်ကြောင်း၊ ထို့အပြင် အခြားသူများထံ HIV ကူးစက်မှု မြင့်မားစေပြီး လူမှုအသိုင်းအဝိုင်းတွင် ကူးစက်မှုပိုများလာနိုင်ကြောင်း MSF က သတိပေး ထားသည်။

လက်ရှိတွင် လုပ်ကြံသတ်ဖြတ်မှုများ၊ ဗုံးခွဲမှုများနှင့် တိုက်ပွဲများ၊ စစ်ဆေးမှုများနှင့် ညမထွက်ရအမိန့်တို့ ကြောင့် HIV လူနာများ MSF ဆေးခန်းသို့ လာရာတွင် အတားအဆီးဖြစ်စေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထားဝယ်ဒေသတွင်လည်း ဆေးခန်းရက် ချိန်းပျက်ကွက်သည့် လူနာများရှိကြောင်း HIV လူနာများ သောက် သုံးရသည့် ART ဆေးရရှိစေရန် နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) နှင့် ပူးပေါင်း လုပ်ကိုင်နေသည့် ထားဝယ်မြို့အခြေစိုက် အနာဂတ်အလင်းရောင် ဘဝတူကူညီပံ့ပိုးရေးအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဦးဇော်ထွန်းက ဆိုသည်။

လက်ရှိ နိုင်ငံရေးဖြစ်စဉ်များကြောင့် မြို့အဝင် စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမှုများကြောင့်လည်း လိုအပ် သည့် အချက်အလက် မပြည့်စုံသည့် လူနာများသည် ဆေးခန်းလာပြရန် အခက်တွေ့နေကြကြောင်း ၎င်းက ပြောသည်။

ထို့အပြင် ART ဆေးသောက်နေရသည့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများမှာ ထိုင်း-မြန်မာ နယ်စပ် ဖြတ်သန်းခွင့် ပိတ်ထားသည့်အတွက် ဆေးခန်းလာပြရန် ပျက်ကွက်နေရသည်ဟု သိရကြောင်း ဦးဇော်ထွန်းက ဆိုသည်။

သို့ရာတွင် ထားဝယ်ဒေသအတွင်း ဆေးခန်းရက်ချိန်းပျက်ကွက်နေသူ အရေအတွက်ကိုမူ မသိကြောင်း ၎င်းက ပြောသည်။

“စီးပွားရေးလုပ်ငန်းတွေ အဆင်မပြေလို့ ခရီးစရိတ် မတတ်နိုင်လို့ မလာနိုင်တဲ့သူတွေလည်း ရှိလိမ့်မယ်” ဟု ဦးဇော်ထွန်းက ဆိုသည်။

MSF ၏ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းလိုက်ခြင်းကြောင့် ဆရာဝန်နှင့် သူနာပြုများသည် အလုပ်ခွင် ကို စွန့်ခွာကာ ဆန္ဒထုတ်ဖော်ခြင်းကြောင့် HIV လူနာများအား ဆေးကုသခြင်း၊ နှစ်သိမ့်ဆွေးနွေးခြင်း အပါ အဝင် အမျိုးသားခုခံကျ ကာလသားရောဂါတိုက်ဖျက်ရေး စီမံကိန်းအပါအဝင် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု စနစ်အပေါ်တွင် သက်ရောက်မှုများစွာရှိကြောင်း ဖော်ပြထားသည်။

ထို့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း အစိုးရဆေးခန်းများတွင် ကုသမှုမပေးနိုင်သည့်အတွက် တနင်္သာရီ တိုင်း၊ ရှမ်းနှင့် ကချင်ပြည်နယ်ရှိ MSF ဆေးခန်းများသို့ HIV လူနာလာရောက်မှု အကြိမ်ရေ ၇၂၀၀ ကျော်ရှိ ကြောင်း ဖော်ပြထားသည်။

HIV လူနာများ သောက်သုံးနေရသည့် ART ဆေးကို နယ်စည်းမထားဆရာဝန်များအဖွဲ့အပြင် အစိုးရ ဆေးရုံ၊ ဆေးခန်းများတွင်လည်း ထုတ်ပေးနေခြင်းဖြစ်သည်။ ART ဆေးအား ပုံမှန်အားဖြင့် ၃ လ တစ်ကြိမ် ထုတ်ပေးနေပြီး HIV ပိုးရှိသူ၏ ကျန်းမာရေးအခြေအနေအပေါ် မူတည်ကာ တစ်လတစ်ကြိမ် သို့မဟုတ် ခြောက်လတစ်ကြိမ် ထုတ်ပေးနေခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်များမှ စတင်ကာ ART ဆေးသောက်နေရသည့် HIV ရောဂါပိုးရှိသူများကို သက်ဆိုင်ရာ ကျန်းမာ ရေးဌာနများသို့ ပြန်လည်လွှဲပြောင်းပေးနေသော်လည်း လက်ရှိတွင် မလွှဲပြောင်းရသေးသူများ ကျန်နေခြင်းဖြစ်သည်။

တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် MSF ၏ စာရင်းများအရ တနင်္သာရီတိုင်းအတွင်း ART ဆေးသောက် နေရသည့် လူနာငါးထောင်နီးပါးရှိသည်။ တစ်နိုင်ငံလုံးတွင်မူ HIV လူနာ တစ်သိန်းငါးသောင်းကျော် ရှိသည်။