ကတ်ထူစက္ကူအဟောင်းဈေး ထိုးတက်ပြီး နှစ်လကျော်တွင် ပြန်ကျ

0
981

ကတ်ထူစက္ကူအဟောင်းဈေး ထိုးတက်သွားပြီးနောက် နှစ်လကျော်အကြာ ယခုသီတင်းပတ်တွင် ဈေးပြန်ကျ နေကြောင်း ထားဝယ်မြို့ရှိ စက္ကူထူအဟောင်းဝယ်ယူနေသူအချို့ထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ မတိုင်မီက ကတ်ထူစက္ကူအဟောင်း တစ်ပိဿာလျှင် ကျပ် ၂၀၀ ဝန်းကျင်သာ ဈေးပေါက်ရာမှ အောက်တိုဘာလမှ စတင်ကာ တစ်ပိဿာလျှင် ၆၅၀ ကျပ်အထိ ဈေးတက်ခြင်းဖြစ် ကြောင်း၊ လက်ရှိတွင် ၅၅၀ ကျပ်အထိ ဈေးပြန်ကျနေကြောင်း ၎င်းတို့ထံမှ စုံစမ်းသိရှိရသည်။

ကတ်ထူစက္ကူမှာ တီဗီ၊ ရေခဲသေတ္တာနှင့် အခြားပစ္စည်းများကို ထုပ်ပိုးသည့် စက္ကူထူများဖြစ်သည်။

တစ်ရက်လျှင် ပျမ်းမျှ စက္ကူအဟောင်း ပိဿာ ၇၀၀ ကျော် ဝယ်ယူနေပြီး ရန်ကုန်သို့ တင်ပို့ရောင်းချကြောင်း ထားဝယ်မြို့ရှိ စက္ကူဝယ်နေသည့် ဆိုင်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။ ကတ်ထူစက္ကူအဟောင်း ဝယ်ယူနေ သည်မှာ ၂၂ နှစ်ရှိပြီဖြစ်ပြီး ယခုကဲ့သို့ ဈေးကောင်း ပေးဝယ်ရခြင်း မရှိခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

“အဲဒီလိုတစ်ခါမှ ဈေးမတက်ဖူးဘူး” ဟု အထက်ပါဆိုင်ပိုင်ရှင်က ပြောဆိုသည်။

ဒေါ်လာဈေးတက်ခြင်း၊ ကတ်ထူစက္ကူအဟောင်း ဝယ်လိုမှု များပြားခြင်းကြောင့် ပြီးခဲ့သည့် နှစ်လတာ အတွင်း ဈေးတက်ခြင်းဖြစ်နိုင်ပြီး လက်ရှိတွင် ရန်ကုန်ရှိ အဝယ်ဒိုင်များတွင် ကုန်ပစ္စည်းများ စုံပြုံနေခြင်း ကြောင့် ဈေးပြန်ကျခြင်းဖြစ်နိုင်သည်ဟု ရန်ကုန်ရှိအဝယ်ဒိုင်ထံမှ ကြားသိရသည်ဟု ၎င်းက ဆက်လက် ပြောဆို သည်။

ထားဝယ်မြို့တွင် ကတ်ထူစက္ကူအဟောင်းဝယ်ယူသည့်ဆိုင် လေးဆိုင်ရှိပြီး ယင်းစက္ကူများကို ရန်ကုန်မြို့သို့ တင်ပို့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်များက ကတ်ထူစက္ကူအ‌ဟောင်း တစ်ပိဿာလျှင် ငါးဆယ် ကျပ်သာ ပေါက်ဈေးရှိခဲ့ပြီး လက်ရှိတွင် တစ်ပိဿာလျှင် ၅၀၀ ကျပ်ဖြင့် ဝယ်ယူနေကြောင်း ထားဝယ်မြို့ရှိ စက္ကူထူဝယ်နေသည့် အခြားဆိုင်ပိုင် ရှင်တစ်ဦးက ဆိုသည်။

လက်ရှိတွင် ကတ်ထူစက္ကူအဟောင်း ဈေးကောင်းရနေသည့်အတွက် ထားဝယ်ဈေးကြီးအတွင်းရှိ ကုန်စုံဆိုင်များက ပစ္စည်းထုတ်ပိုးရာတွင် မြွေရေခွံအိတ်ကိုသာ အစားထိုးသုံးစွဲနေကြကြောင်း ဈေးကြီးအတွင်းရှိ ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

မြွေရေခွံအိတ် အဟောင်းတစ်လုံးလျှင် ကျပ်တစ်ရာဖြင့် ဝယ်ယူပြီး ပစ္စည်းများထုတ်ပိုးနေကြခြင်းဖြစ်သည်။

“စက္ကူထူ ဈေးကောင်းနေတော့ ထွက်သမျှကို လိုက်ရောင်းနေကြတာ” ဟု အထက်ပါ ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးက ဆိုသည်။

ရန်ကုန်မြို့ရှိ အဝယ်ဒိုင်များက စက္ကူထူအဟောင်းများကို ကြိတ်ပြီးအရည်ဖျော်ကာ စက္ကူပျော့ဖတ်ပုံစံဖြင့် နိုင်ငံခြားသို့ ထပ်မံတင်ပို့သည်ဟု သိရကြောင်း ထားဝယ်မြို့ရှိ စက္ကူထူအဟောင်းဝယ်နေသည့် ဆိုင်အချို့ ထံမှ သိရသည်။