ထင်ရှားသော ထားဝယ်လူငယ်ခေါင်းဆောင် နေအိမ် ချိတ်ပိတ်ခံရ

0
465

မြန်မာနိုင်ငံလူငယ်ရေးရာ တွဲဖက်အတွင်းရေးမှူးဟောင်းတစ်ဦးဖြစ်သူ ကိုဟိန်းထက်၏နေအိမ်ကို စစ်ကောင်စီက နိုဝင်ဘာလ ၂၃ ရက် ညနေ ၅ နာရီကျော်တွင် လာရောက်ချိတ်ပိတ်သွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စု ဝံတွင်းရွာရှိ သူ၏ မိသားစု နေအိမ်အား ချိတ်ပိတ်ခံလိုက်ရခြင်းဖြစ်သည်။

“လူမနေတဲ့အိမ်ကို ချိတ်ပိတ်သွားတာပါ။ အဲဒီအိမ်မှာလူမနေတာ အခုဆိုသုံးလေးလ လောက်ရှိနေပြီ” ဟု ဝံတွင်းရွာခံတစ်ဦးက ဆိုသည်။

ထားဝယ်ဒေသတွင် ထင်ရှားသော လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဟိန်းထက်သည် စစ်အာဏာမသိမ်းခင်က လူငယ်ရေးရာကိစ္စများကို တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ တွဲဖက် အတွင်းရေးမှူးတစ်ဦး အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။

ရေဖြူကျေးရွာတွင် လူငယ်ဖွံ့ဖြိုးရေးစင်တာ Youth Development Institute (YDI) ကို တည်ထောင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။ ယင်းစင်တာကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် လပိုင်းအတွင်းဝင်စီးခဲ့ဖူးသည်။

အာဏာသိမ်းပြီးနောက် ဆန္ဒပြသပိတ်စစ်ကြောင်းများတွင် ပါဝင်ခဲ့ပြီး နောက်ပိုင်းတွင် မိသားစုအလိုက် တိမ်းရှောင်နေရခဲ့ရသည်။

နိုဝင်ဘာလ ၂၂ ရက်ကလည်း တနင်္သာရီတိုင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးမြင့်စန်း၏ မင်းရပ်ကျေးရွာ နေအိမ်နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဗိုလ်ထွေး၏ ကျောက်ဆင်ကျေးရွာနေအိမ်တို့ ချိတ်ပိတ်ခံခဲ့ရသည်။