ကင်းမွန်လုပ်ငန်း ရှေရည် ရပ်တည်ရန် ခက်ခဲဟုဆို

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ဈေးနှုန်း ဆက်တိုက်ကျဆင်းလာခြင်းနှင့် ဖမ်းဆီးရရှိမှုနည်းပါးလာခြင်းတို့ကြောင့် မြိတ်ဒေသတွင်းရှိ ကင်းမွန်ငါးဖမ်းလုပ်ငန်း ရှေရည်တွင် ရပ်တည်မှု ခက်ခဲလာနေကြောင်း ယင်းလုပ်ငန်း လုပ်ကိုင်သူ အချို့ထံမှ သိရသည်။

ကင်းမွန်ငါးဖမ်းလုပ်ငန်းကာလ (နှစ်စဉ် စက်တင်ဘာလမှ ဧပြီလအထိ) သုံးခု ဈေးနှုန်းများ ဆက်တိုက် ကျဆင်းလာနေခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ် ဧပြီလအတွင်းက ကိုဗစ် ကပ်ဘေး ဂယက်ကြောင့် ကင်းမွန်ဈေးနှုန်း ထက်ဝက်နီးပါး ကျဆင်းခဲ့ရပြီး ၂၀၂၁ ခုနှစ် နှစ်အစတွင် ကင်းမွန်တစ်ဗန်းလျှင် မူလဈေးနှုန်း တစ်သိန်းကျပ်မှ နှစ်သောင်းခွဲကျပ်အထိ ရောက်ရှိခဲ့ကြောင်း ယင်းဈေးကွက်ထံမှ သိရသည်။

ထို့ပြင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက တစ်ဗန်းလျှင် ကျပ်တစ်သိန်းခွဲကျော်မှ တစ်သိန်းနှစ်သောင်းကျပ်အထိ ကျဆင်းနေကြောင်း သိရသည်။

“ဈေးလည်းကျ ကင်းမွန်လည်း အရနည်းလို့ စရိတ်ပါ ရှုံးနေကြတာ” ဟု မြိတ်မြို့၊ ရွှေပြည်တန်ရပ်ကွက်နေ ကင်းမွန်ငါးဖမ်းလှေပိုင်ရှင်တစ်ဦးက ပြောသည်။

၁၅ ရက်ကြာ ကင်းမွန်းဖမ်းလှေ တစ်ခေါက် အတွက် စားနပ်ရိက္ခာ၊ လောင်စာဆီနှင့် အလုပ်သမားခတို့အတွက် ကျပ်သိန်းခြောက်ဆယ်ကျော်ခန့် ကုန်ကျစရိတ်ရှိပြီး ကျပ်သိန်းနှစ်ဆယ်ခန့်သာ ပြန်လည်ရရှိခဲ့ကြောင်း အထက်ပါ ကင်းမွန်လှေပိုင်ရှင်က ပြောပြသည်။

ကင်းမွန်ဖမ်းလှေ ဆယ်စီးတွင် သုံးစီးခန့်သာ စရိတ်ကာမိပြီး သဖြင့် လုပ်ငန်းရပ်နားသူ အချို့ရှိနေပြီဖြစ်ကြောင်း ကျွန်းစုမြိုနယ်အတွင်းရှိ ကင်းမွန်လှေပိုင်ရှင်တစ်ဦးက ပြောပြသည်။

လက်ရှိ ကင်းမွန်ဈေးနှုန်းမှာ နံပါတ် ၁၊ ၂၊ ၃ အရွယ် တစ်ဗန်းလျှင် ၁၂၀၀၀၀ ကျပ်၊ နံပါတ် ၄ အရွယ် ၈၅၀၀၀ ကျပ်၊ နံပါတ် ၅ အရွယ်လျှင် ၆၅၀၀၀ ကျပ်နှင့် အငယ်ဆုံးအရွယ် ၃၀၀၀၀ ကျပ် ဈေးအသီးသီး ရှိကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

မြိတ်ဒေသမှ ထွက်ရှိသည့် ကင်းမွန်တို့အား ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ လာရောက် ဝယ်ယူလေ့ရှိကြသည်။