မြိတ်တွင်အမျိုးသားငါးဦးနှင့် လက်နက်များဖမ်းမိ ဟုဆို

0
186

မြိတ်မြို့၊ မြို့သစ်ရပ်ကွက်တွင် နိုဝင်ဘာ လ ၂၃ ရက်နေ့က အမျိုးသားငါးဦးနှင့်အတူ လက်နက်များ လာရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။

မြိတ်မြို့၊ မြို့သစ် ၄ ရပ်ကွက်နှင့် မြို့သစ် ၅ ရပ်ကွက်နေ အမျိုးသားငါးဦးကို ရဲနှင့် စစ်သားများမှ လာရောက်ဖမ်းဆီးခဲ့ပြီး နေအိမ်အောက်တွင် ဆာလာအိတ်ဖြင့် ဝှက်ထားသည့် လက်နက်များကို သိမ်းဆည်းသွားခဲ့သည်ဟု မျက်မြင် ဒေသခံများ ကပြောသည်။

“သေနတ်တွေက လက်လုပ်ယမ်းထောင်း (တူမီး) တွေလို့သိရတယ် အလက်တစ်ဆယ်ကျော်လောက်တော့ ရှိနိုင်တယ်”ဟု မြို့သစ် ၄ ရပ်ကွက်နေ အမျိုးသားတစ်ဉီး ကပြောသည်။

အဆိုပါငါးဦးအနက် အသက် နှစ်ဆယ်ကျော်လူငယ်တစ်ဦးအား ဦးစွာဖမ်းဆီးခဲ့ပြီးနောက် ကျန်လေးဦးအား ဆက်လက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရှိရကြောင်း ဒေသခံများကပြောပြသည်။

“လက်နက်မိတဲ့အိမ်ကို တစ်နေ့လုံးသုံးကြိမ်တောင် လာပြီးရှာကြတယ်”ဟု ဒေသခံအမျိုးသမီး တစ်ဦးက ပြောပြသည်။

လက်နက်များတွေ့ရှိသည့် နေအိမ်တွင် အသက်လေးဆယ်အရွယ် ဘေးတွဲဆိုင်ကယ်မောင်းသူ နေထိုင်ပြီး ၎င်းမှာ မြိတ်မြို့ပြင် ကျေးရွာတစ်ရွာမှ လာရောက်အိမ်ငှားနေထိုင်သူတစ်ဦးဖြစ်ကြောင်း ဒေသခံများ ထံမှသိရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ဖမ်းဆီးရမိသည့် လက်နက်အမျိုးအစားနှင့် အရေအတွက်ကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။