လောင်းလုံးတွင် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး နေအိမ် ချိတ်ပိတ်ခံရ

0
316
ကျောက်ဆင်ကျေးရွာရှိ ဦးဗိုလ်ထွေး၏ နေအိမ်

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအနိုင်ရ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် လောင်းလုံး ကိုယ်စားလှယ် နှစ်ဦးဖြစ်သူ ဦးဗိုလ်ထွေးနှင့် ဦးမြင့်စန်းတို့၏ နေအိမ်များ နိုဝင်ဘာလ ၂၂ ရက်နေ့ညတွင် ချိတ်ပိတ်ခံလိုက်ရကြောင်း ၎င်းတို့နှင့် နီစပ်သူများထံမှ သိရသည်။

လောင်းလုံးမဲဆန္ဒနယ် အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဦးဗိုလ်ထွေး၏ ကျောက်ဆင်ကျေးရွာ နေအိမ်ကို နိုဝင်ဘာလ ၂၂ ရက်ည ၁၀ နာရီခန့်တွင် ချိတ်ပိတ်ကြောင်းဗွီနိုင်းပြားအား အိမ်ခြံဝင်းတံခါးတွင် လာကပ်သွားကြောင်း မျက်မြင်အချို့က ပြောသည်။

ဦးဗိုလ်ထွေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုကော်မတီအဖွဲ့(CC)အဖွဲ့ဝင်၊ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ.ဖြစ်ပြီး ၎င်းနှင့် မိသားစုမှာ မတ်လဆန်းပိုင်းကတည်းက ၎င်းနေအိမ်တွင် မနေထိုင်တော့ကြောင်း ရွာသားများက ပြောသည်။

မင်းရပ်ကျေးရွာရှိ နေအိမ် ချိတ်ပိတ်ခံလိုက်ရသော ဦးမြင့်စန်းမှာ NLD မြို့နယ် အတွင်းရေးမှူးဖြစ်ကာ တိုင်းဒေသကြီး အစိုးရအဖွဲ့စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဖေဖော်ဝါရီလမှစတင်ကာ ၎င်းနေအိမ်တွင် နေထိုင်ခြင်း မရှိသကဲ့သို့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင်လည်း ပါဝင်ခြင်း မရှိခဲ့ပေ။

၎င်းတို့၏ အိမ်အတွင်း တစ်စုံတစ်ရာ ရှာဖွေသိမ်းဆည်းမှု မရှိကြောင်း ၎င်းတို့နှင့် နီးစပ်သူတို့ထံမှ သိရသည်။

၎င်းတို့၏ နေအိမ်များကို မည်သည့် အကြောင်းကြောင့် ချိတ်ပိတ်သည်ကို တိတိကျကျ မသိရသေးပေ။