ကျိုက်နဲရေလယ်ဘုရာဖူး ရေနစ်မြုပ်ပျောက်ဆုံးသူရှိဆဲ

0
339

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်းရှိ ကျိုက်နဲရေလယ်ဘုရားဖူးရေနစ်မြုပ်မှုတွင် နောက်ဆုံး အခြေအနေအရ သေဆုံးသူ ၂၀ ဦးအထိရှိပြီး ပျောက်ဆုံးနေသူများ ရှိနေဆဲ ဖြစ်ကြောင်း လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့တို့ထံမှ သိရသည်။

နိုဝင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ် ဝဲကလောင်ကျေးရွာနှင့် အံခဲကျေးရွာအကြား ပင်လယ်ပြင်ရှိ ကျိုက်နဲဘုရား သွားဖူးရန် ပေါ်လာသည့် ကျောက်ခင်းလမ်း (ဒေသအခေါ် နတ်လမ်း) ပေါ် လမ်းလျှောက်သွားရင်း ပင်လယ်ရေလှိုင်းရိုတ်ခတ်ခံရပြီး ဘုရားဖူးများ ရေထဲမျော်ပါနစ်မြုပ်ခဲ့ကြခြင်းဖြစ်သည်။

ရေထဲမျော်ပါနစ်မြုပ်သွားသူများကို လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တို့၏ အကူအညီဖြင့် နိုဝင်ဘာ ၂၁ ရက်နေ့နှင့် ၂၂ ရက် နှစ်ရက်ဆက်တိုက် ရှာဖွေကယ်ဆယ်ခဲ့ရာ သေဆုံးရုပ်အလောင်း ၂၀ လောင်း တွေ့ရှိခဲ့ပြီး ပျောက်ဆုံးနေသူလည်း ၄ ဦးထက်မနည်း ရှိနေသေးသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

“ဖြစ်သွားတဲ့နေ့မှာ ၁၅ လောင်း တွေ့တယ် နောက်ရက် (နိုဝင်ဘာ ၂၂) ကျတော့ ၅ လောင်းထပ်တွေ့တယ်၊ စာရင်းအရဆိုရင် ပျောက်ဆုံးနေတာလည်း ရှိနေသေးတယ်” ဟု လူမှုကူညီကယ်ဆယ်ရေးအသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

သေဆုံးသွားသူများတွင် သံဃာတော်တစ်ပါးလည်းပါဝင်ပြီး အများစုသည် အမျိုးသမီးနှင့် ကလေးငယ်များဖြစ်ကြကြောင်း လူမှုကူညီကယ်ဆယ်ရေးအသင်းမှ သိရသည်။

သေဆုံးသွားသူများသည် ပဲခူးတိုင်း ဝေါမြို့နယ်မှ အများစုဖြစ်ပြီး ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းတို့မှ ဘုရားဖူးများလည်း ပါဝင်သည်။

ကမ်းခြေမှ ၁ မိုင် ၆ ဖာလုံခန့်အကွာ ပင်လယ်ပြင်တွင် တည်ရှိနေသည့် ကျိုက်နဲဘုရား ဘုရားပွဲကို တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်နေ့ညမှ ၃ ရက်နေ့နံနက်ပိုင်းအထိ စည်ကားစွာကျင်းပလေ့ရှိသည်။

ကျိုက်နဲဘုရားသို့ မွန်ပြည်နယ်မှသာမက အနယ်နယ်အရပ်ရပ်က ဘုရားဖူးများလည်း လာရောက်လေ့ရှိပြီး ယခုနှစ်တွင် ဘုရားဖူးသောင်းနှင့်ချီလာရောက်ဖူးမျှော်သည်ဟု ဒေသခံတို့ထံမှ သိရသည်။