ထားဝယ် စစ်ကြောရေးမှ အပြန်

0
807
ကိုရန်ပိုင်ဦး(အော်လံကိုင်ထားသူ)ကို ဧပြီလအတွင်းက ဆန္ဒပြစစ်ကြောင်း တစ်ခုတွင် တွေ့ရစဥ်

စစ်အာဏာသိမ်းပြီးတဲ့နောက် ပုံစံအမျိုးမျိုးတဲ့ အဖမ်းခံရတဲ့သူ ထားဝယ်ဒေသမှာ လူရာချီ ရှိပါတယ်။ အချို့က ရက်ပိုင်းနဲ့ ပြန်လွတ်လာကြသလို အချို့ကလည်း ဖမ်းဆီး တရားစွဲ၊ ထောင်ချခံရတာတွေ ရှိခဲ့ပါတယ်။

တရားစွဲဆိုတဲ့ အဆင့်မရောက်မီ၊ ထောင်ထဲမရောက်မီ ထုံးစံအတိုင်း စစ်ကြောရေး ကာလကို ဖြတ်သန်းရပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုမှာ ပါဝင်လို့ဆိုပြီး ဖမ်းဆီးထိန်းသိမ်းခံရသူတွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက စစ်ကြောရေးမှာ အမျိုးမျိုးသော နှိပ်စက်ညှင်းပန်းမှု တွေပြုလုပ်ခဲ့ကြတယ်လို့ ပြီးခဲ့တဲ့ လက လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လွတ်လာသူတွေက ရင်ဖွင့်ပါတယ်။

ဖမ်းဆီးခံရပြီးနောက် ထားဝယ်စစ်ကြောရေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ နှိပ်စက်ညှင်းပန်းခံခဲ့သူတွေထဲမှာ သရက်ချောင်းမြို့နယ်၊ ကျွဲမင်းကုန်းရွာက ပြင်ပကျောင်းဆရာ ကိုရန်ပိုင်ဦးလည်း ပါဝင်ပါတယ်။

ကိုရန်ပိုင်ဦးဟာ ထားဝယ်မြို့ပေါ်က ကွမ်းယာဆိုင်တစ်ခုမှာ ကွမ်းဝယ်နေတုန်း အိမ်စီးကား တစ်စီးထိုးရပ်လာပြီး အရပ်ဝတ်နဲ့ လူ ၇ ယောက်လောက်က သူ့ကို ကားပေါ်ဆွဲတင်၊ ကားထဲရောက်တာနဲ့ လက်ထိပ်ခတ်ပြီး ဝိုင်းထိုးကြိတ်ကန်ကျောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“ဒီတိုင်းဆွဲခေါ်သွားပြီးတော့ ကျွန်တော့်ကို ကားထဲရောက်သွားတဲ့ အခါကျမှ လက်ထိတ်ခတ်ပြီး ကျွန်တော့်ကို ဆွဲထိုးတာပေါ့နော်၊ ဘယ်နှစ်ယောက် ဆွဲထိုးမှန်းလဲ ကျွန်တော်မမှတ်မိတော့ဘူး၊ ဆွဲထိုးပြီးတော့ ကျွန်တော် မျက်ခုံးကွဲသွားပြီးတော့မှ ဆက်မထိုးတော့ဘူး”

အဲဒီနောက် ထားဝယ်မြို့ပေါ်က ရဲစခန်းတစ်ခုမှာ စစ်ကြောရေးမှာ သူ့ရဲ့ ခြေနှစ်ဖက်ကို ထိတ်တုံးခတ်ထားပြီး လက်နှစ်ဖက်ကိုလည်း လက်ထိတ်နောက်ပြန်ခတ်ကာ ထိုးကြိတ် စစ်ဆေးခဲ့တယ်လို့ ပြောပါတယ်။

စစ်ကြောင်းမှာ ပါဝင်သူတွေနဲ့ စစ်ကောင်စီက အလိုရှိသူတွေရဲ့ ပုံတွေကို ပြပြီး သူ့ကို သိသလား၊ ဘယ်မှာနေလဲ၊ လက်နက်တွေဘယ်မှာထားလဲ စသဖြင့် မေးမြန်းကာ မသိရင် မသိဘူးလို့ပြောတဲ့အတွက် ပိုပြီးနှိပ်စက်ခံရတယ်လို့ ကိုရန်ပိုင်ဦးက ပြောပါတယ်။

“မင်းတို့ လက်နက်တွေဘာတွေကိုင်ထားတယ်မဟုတ်လား၊ အဲဒီလက်နက်တွေ ဘယ်မှာရှိလဲ ဘယ်မှာထားလဲပေါ့၊ ဘယ်လိုပြောမလဲ သူတို့သိနေတဲ့ ပုံစံမျိုးပေါ့၊ တကယ်တော့ ကျွန်တော်တို့မှာ ဆန္ဒစပြတည်းက လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းတောင်မှ ကိုင်ခဲ့တဲ့သူတွေမှ မဟုတ်ဘဲကိုး၊ အဲဒီလို မျိုးတွေစစ်ပြီးတော့ ရိုက်နှက်တာပေါ့နော်၊ ထိုးတယ် ရိုက်တယ်”

ကိုရန်ပိုင်ဦးရဲ့ ခြေသလုံးကို ဝါးရင်းတုတ်နဲ့ရိုက်တာ၊ ရိုက်ပြီး အဲဒီ ယောင်ကိုင်းလာပြီဆိုတော့မှ ဝါးရင်းတုတ်နဲ့ပဲ ပြန်လှိမ့်တယ်၊ လက်ဖဝါးတွေကို ရိုက်တာ၊ ပြီးရင် လက်မောင်းတွေကို ဟိုဘက်ဒီဘက်ကို ဝါးရင်းတုတ်နဲ့ ရိုက်တာ၊ ပိုက်လုံးတွေနဲ့ ရိုက်တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သပိတ်စစ်ကြောင်းမှာ အော်သလို အော်ခိုင်းတာတွေလည်းရှိတယ်လို့ သူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ နွေဦးတော်လှန်ရေးလို့ တက်တူးရေးထိုးထားတဲ့ ဘယ်ဘက်လက်မှာ အခြားနေရာကို ရိုက်တာထက် ပိုပြီးအရိုက်ခံခဲ့ရတာကြောင့် ပစ္စည်းတစ်ခုခုမရင် လွတ်ကျတာ၊ ရိုးထဲက ကိုက်ခဲတာတွေ အောင့်တာတွေဖြစ်နေဆဲပဲလို့ ပြောပြပါတယ်။

သူဟာ စစ်ကြောရေးမှာ နှစ်ရက်တာ ညှင်းပန်းနှိပ်စက်ခံခဲ့ရပြီး ထောင်ချုပ်ကို ရောက်ချိန်မှာတော့ စစ်ကြောရေးမှာလိုမျိုး မဆိုးရွားတော့ဘူးလို့ ဆိုပါတယ်။

သူ့ကို ၅၀၅ (က)၊ ၅၀၅ (ဂ) တို့နဲ့ အမှုတပ် တရားစွဲဆိုထားပြီး အောက်တိုဘာလ ၂၀ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာပါ။

ဒီလို ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ နောက်တစ်ဦးကတော့ ထားဝယ်မြို့က အသက် ၂၇ နှစ်အရွယ် သူနာပြုဆရာမဖြစ်ပါတယ်။ သူမတို့ သပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်သားတွေက ကားနဲ့ ဝင်တိုက်ပြီး ရော်ဘာကျည်နဲ့ ပစ်ကာ အဖမ်းခံခဲ့ရသူပါ။

စဖမ်းမိချိန်က ရာဘာကျည်ထိခဲ့ပြီး သူနဲ့ အတူ အဖမ်းခံရတဲ့ အမျိုးသမီးတစ်ဦးမှာ ဆိုရင် ရော်ဘာကျည် ၁၁ ချက် ထိခဲ့တယ်လို့ ဆိုပါတယ်။

“သူဆိုရင် ပြေးလို့တောင် မနိုင်တော့ဘူး”လို့ သူနာပြုဆရာမက ပြောပါတယ်။

အမှုစစ်ရာမှာလည်း အမျိုးသားတွေပဲ စစ်တာဖြစ်တဲ့အတွက် ဖမ်းဆီးခံရစဉ်ကတည်းက ထောင်ချုပ်ကိုရောက်သည်အထိ မိမိရဲ့ လုံခြုံမှုအတွက် စိုးရိမ်စိတ်တွေ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကံကောင်းစွာပဲ အဲဒါမျိုးတွေနဲ့ မကြုံခဲ့ရပါဘူး။

“ဖမ်းသွားပြီးတော့ ငါ့ကိုများ လိင်ပိုင်းဆိုင်ရာ စော်ကားမလားဆိုတာ၊ အဲလို အတွေးမျိုးက အမြဲရှိတယ်။ ကျွန်မစိတ်ထဲ အဖမ်းခံရတဲ့ အချိန်ကနေစပြီးတော့မှ ငါ့ကိုများ တစ်ခုခုများလုပ်တော့မလားပေါ့နော် အဲလိုမျိုးတွေ အမြဲရှိတယ်”

အဖမ်းခံရတဲ့ အမျိုးသား အချို့ကိုတော့ နားရင်းရိုက်တာ၊ သေနတ်ဒင်နဲ့ ထုတာတွေ ရှိတယ်လို့ သူကဆိုပါတယ်။ မြို့မရဲစခန်းကိုရောက်ချိန်မှာ သူမတို့နှစ်ယောက်အတွက် အိပ်စရာနေရာမရှိဘူးလို့ဆိုပြီး ထောင်ကားမှာပဲ အခင်းမပါ၊ စောင်မပါဘဲ တစ်ညလုံး အိပ်ခဲ့ရတယ်လို့ ပြောပြပါတယ်။

သူမတို့ကို ၅၀၅ က၊ ၅၀၅ ဂ၊ ပုဒ်မ ၁၄၅ စတဲ့ အမှုတွေနဲ့ ပုဒ်မတွေတပ် တရားစွဲဆိုတာခံခဲ့ရပြီး နောက်တစ်နေ့မှာ ထားဝယ်အကျဉ်းထောင်၊ ထောင်ချုပ်ကို ရောက်ရှိခဲ့တယ်လို့ ပြောပါတယ်။

သူမတို့ကို ဖမ်းမိခဲ့စဉ်က လက်နက်ကိုင်တော်လှန်ရေးတွေ သိပ်ပြီး မရှိသေးတဲ့အတွက် ညှင်းပန်းနှိပ်စက် မခံရပေမယ့် နောက်ပိုင်း ဖမ်းဆီးခံရတဲ့ အမျိုးသမီးတွေကိုတော့ စစ်ကြောရေးမှာ ပိုပြီးနှိပ်စက်တာတွေရှိတယ်လို့ ဆိုပါတယ်။ စစ်ကြောရေးမှာ နှိပ်စက်ခံရပြီး ထောင်ထဲရောက်လာချိန် အချင်းချင်း မေးစမ်းရင်း နောက်ပိုင်း အဖမ်းခံရသူတွေ ပိုပြီး အစစ်ခံရ၊ အနှိပ်စက်ခံရတာကို သိလာရတယ်လို့ အခု ပြန်လွတ်လာသူတွေကဆိုပါတယ်။

“နောက်ပိုင်း ၉ လပိုင်း ၁၀ လပိုင်း ထောင်ထဲမှာတွေ့တဲ့ အဖမ်းခံရတဲ့ အမျိုးသမီးတွေဆိုရင် ဘယ်လို နှိပ်စက်ခံရလဲဆိုတော့၊ ဆန်ခင်းလိုက်တယ်။ ဆန်စေ့တွေခင်းပြီးတော့မှ လေးဘက်ထောက်ခိုင်းတာပေါ့။ ဒူးထောက်ခိုင်းတာပေါ့။ ဒူးထောက်ခိုင်းပြီးတော့ လက်မြောက်ခိုင်းတယ်၊ အဲဒီလိုမျိုးတွေစစ်တယ်၊ ၂၄ နာရီပြည့်အောင် ထားတယ်၊ အဲဒီဒူးအောက်မှာဆိုရင် ဆန်စေ့တွေဘာတွေနဲ့ပေါ့နော်။ အဲလိုမျိုးတွေထားတယ်၊ အဲလိုမျိုးနှိပ်စက်တာတွေတော့ရှိတယ်”လို့ သူနာပြု ဆရာမက ဆိုပါတယ်။

သူမဟာ ထားဝယ်အကျဉ်းထောင်မှာ ၅ လနဲ့ ၂ ရက် နေခဲ့ရပြီး အဲဒီနောက်မှာတော့ သီတင်းကျွတ်ကာလမှာ လွတ်ငြိမ်းချမ်းသာနဲ့ ပြည်လည်လွတ်မြောက်လာခဲ့ပါတယ်။

ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူထဲမှာ ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂက လူငယ်အမျိုးသားတစ်ဦးလည်း ပါဝင်ပါတယ်။ သူဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းမှာ ဓာတ်ပုံ သွားရိုက်ရင်း အဖမ်းခံခဲ့ရသူပါ။ အရပ်ဝတ်နဲ့ ကားတစ်စီး ရုတ်တရက် ရောက်လာပြီး၊ သေနတ်ကိုင်တွေက သေနတ်နဲ့ ရိုက်လို့ လူရောဆိုင်ကယ်ပါ လဲကျသွားပြီးတဲ့နောက် နောက်ပြန် လက်ထိတ်ခတ်ပြီး ခေါ်သွားတယ်လို့ သူက ဆိုပါတယ်။

အဲဒီနောက် စစ်ကြောရေးမှာ ၂၄ နာရီကြာအောင် ဖြတ်သန်းခဲ့ရပုံကို အခုလို ပြောပြပါတယ်။

“စစ်ကြောရေးမှာကျတော့ သူတို့က ရောက်ရောက်ချင်း ထိပ်တုံးခတ်တယ်၊ ပြီးရင် လက်ထိတ်ကိုနောက်ပြန်ခတ်တယ်။ ပြီးရင် ကျွန်တော့ ဖုန်းထဲမှာပါတဲ့ သက်သေတွေကို သူတို့ စခရင်ရှော့ရိုက်တယ်၊ ကျွန်တော့ကို စစ်တယ်ပေါ့နော်၊ မျက်နှာတွေကို ရိုက်တယ်၊ သူတို့ရဲ့ စီးထားတဲ့ ဖိနပ်တွေကို ခြွတ်ပြီး ကျွန်တော့ ရဲ့ မျက်နှာတွေကိုရိုက်တယ်၊ နားရင်းတွေကိုရိုက်တယ်၊ ပြီးရင် သူတို့ သိချင်တဲ့ အချက်တွေကို မေးပါတယ်၊ မနက် ၉ နာရီလောက်ကနေ စစ်လိုက်တာ ည ၃ နာရီလောက်ထိစစ်လိုက်တယ်ဗျ၊ နောက်တစ်နေ့ မနက် ၃ နာရီလောက်ထိစစ်တယ်ဗျ”

သူ့ကို တစ်ယောက်တည်း ဖမ်းမိခဲ့တာဖြစ်ပေမယ့် စစ်ကြောင်းမှာ ဖမ်းမိတဲ့ ပုံစံမျိုးလုပ်ကာ ၅၀၅ (က)၊ ၅၀၅၀ ဂ၊ ပုဒ်မ ၁၄၅ စတဲ့ ပုဒ်မ ၃ ခုတပ် တရားစွဲခံခဲ့ရပြီး သီတင်းကျွတ်လပြည့်နေက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

ပြန်လွတ်လာတဲ့ အချိန်မှာ လက်မှတ် နှစ်လုံးထိုးခဲ့ရတယ်၊ ဒါပေမဲ့ စာရွက်ကို အပေါ်က ခေါက်ထားတဲ့ အတွက် ဘာတွေ ပါတယ်လို တိတိကျကျ မသိရဘူးလို့ ဆိုပါတယ်။ လက်မှတ်ထိုးခိုင်းတဲ့သူတွေ ပါးစပ်နဲ့ပြောတာအရကတော့ အပြင်ကိုရောက်ရင် အဲလိုတွေ ပြန်မလုပ်ရ၊ ခရီးဝေးဝေးလံလံ မသွားရ၊ ပြန်လွတ်လို့ ပြန်ဖမ်းမိ၊ အဖမ်းခံရရင် အခုရှိရင်းစွဲပုဒ်မ နဲ့ နောက်ထပ် ပြန်လုပ်လို့ အဖမ်းခံရတဲ့ ပုဒ်မနဲ့ နှစ်ခုပေါင်းပြီးတော့မှ ဆတိုးနဲ့ အရေးယူမယ်ဆိုတာမျိုး ပြောခဲ့တယ်လို့ သူက ရှင်းပြပါတယ်။

အဖမ်းခံရသူတွေဟာ စစ်ကြောရေးမှာ ပုံစံအမျိုးမျိုးနဲ့ ညှင်းပန်းနှိပ်စက်ခံရပြီး ဖမ်းဆီးခံရစဉ်ကနေ ထောင်ချုပ်ကိုရောက်သည်အထိ အချို့သူတွေဟာ မိသားစုနှင့် တွေ့ခွင့်မရကြဘူးလို့ ပြောကြပါတယ်။

ပြန်လွတ်ပေးတဲ့သူတွေကို စစ်ကောင်စီက စောင့်ကြည့်တာတွေရှိနေသလို ပြန်လည်ဖမ်းဆီးတာတွေလည်းရှိတဲ့အတွက် ရှောင်နေကြရတယ်လို့လည်း ပြန်လည်လွတ်မြောက်လာသူတွေက ပြောပါတယ်။

နိုင်ငံရေးအကျည်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကရရှိတဲ့ အချက်အလက်တွေအရ နိုဝင်ဘာလ ၁၉ ရက်နေ့အထိ အာဏာသိမ်းကာလတွင် စစ်ကောင်စီလက်ချက်ဖြင့် ကျဆုံးခဲ့သူ ၁၂၇၈ ဦးရှိပြီး အဖမ်းခံရသူ ၇၄၁၀ ဦးရှိကြောင်း ထုတ်ပြန်ထားပါတယ်။

ဒီလိုအဖမ်းခံရသူတွေထဲမှာ လူငယ် အမျိုးသမီး၊ အမျိုးသားနဲ့ သက်ကြီးရွယ်အိုတွေပါဝင်သလို ကလေးသူငယ်နဲ့ ကိုယ်ဝန်ဆောင်တွေလည်း ပါဝင်ပါတယ်။ အဖမ်းခံရသူတွေဟာ စစ်ကြောရေးမှာ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ ပုံစံတွေနဲ့ အမျိုးမျိုး ညှင်းပန်းနှိပ်စက်မှုတွေကို ကြုံခဲ့ရတာပါ။

စစ်ကောင်စီက ပြည်သူတွေကို အကြောက်တရားဝင်စေဖို့ ညှင်းပန်းနှိပ်စက်ခဲ့ပေမယ့် ပြည်သူတွေဟာ ကြောက်မသွားတဲ့အပြင် ပိုပြီးသန်မာလာကြတယ်လို့ ကိုရန်ပိုင်ဦးက အခုလို ပြောပါတယ်။

“ဘယ်လိုပဲ နှိပ်စက်သည်ဖြစ်စေ ကျွန်တော်တို့သည် မတရားတာကို မတရားဘူးလို့ လက်ခံထားတဲ့အတွက်ကြောင့် မတရားတဲ့ အရာတစ်ခုကို လက်မခံနိုင်တဲ့အတွက်ကြောင့်၊ ကျွန်တော်တို့ရဲ့ ဆန္ဒကိုထုတ်ဖော်ရုံသက်သက်နဲ့ ဒီလိုမျိုးညှင်းပန်းနှိပ်စက်ခံရတဲ့အတွက်ကြောင့်၊ ပိုပြီးတော့ မတရားတဲ့ဟာကို ဖီဆန်ဖို့ခွန်အားတွေပိုရှိလာတယ်လို့ပဲ သဘောထားတယ်။ အရင်တုန်းက ပျော့နေတဲ့ စိတ်ကို ပိုပြီးတော့ မာကြောလာအောင် သူတို့က လုပ်ပေးတယ်လို့ပဲ ထင်ပါတယ်”