မြိတ် ခရီးသွားလုပ်ငန်း ပြန်စရေး မျှော်လင့်ချက်

0
591

မြိတ်မြို့တွင် အဓိကကျသည့် ကျွန်းခရီးစဉ်တွေ သွားရောက်လည်ပတ်သည့်လုပ်ငန်းမှာ လက်ရှိအချိန်မှာ အလုပ်မဖြစ်သေးကြောင်း ခရီးသွားလုပ်ငန်းရှင်များ ထံမှသိရသည်။

ကိုဗစ်ကပ်ရောဂါစဖြစ်ပြီး နှစ်နှစ် ခန့်ရပ်နားထားရသည့် ခရီးသွားလုပ်ငန်းများအနေဖြင့် ယခုအချိန်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီး ကိုဗစ်ကပ်ရောဂါလည်း တဖြည်းဖြည်းကျဆင်းလာနေပြီဖြစ်သည်။

သို့သော် လက်ရှိနိုင်ငံရေးအခင်းအကျင်းများကြောင့် အခြားဒေသမှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု မရှိကြသေးဟု လုပ်ငန်းရှင်များ ကပြောသည်။

“လက်ရှိကတော့ Local (ဒေသတွင်း) သွားလာသူအနည်းအကျဉ်းနဲ့ အလုပ်ကိစ္စနဲ့ရောက်လာသူ အချို့ပဲ သွားလာသူရှိသေးတယ်’ဟု မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ ကပြောသည်။

မြိတ်မြို့တွင် လူအသေအဆုံးအပါး များသည့် ကိုဗစ်တတိယလှိုင်းကြောင့် သြဂုတ်လ ၂၁ ရက်နေ့မှစပြီး အိမ်ထောင်စုတစ်စုလျှင် တစ်ယောက်နှုန်းသာ ထွက်ခွားသွားလာခွင့် ကတ်ပြားကို သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးရုံးမှ ထုတ်ပေးပြီး သွားလာခဲ့ကြသည်။

သို့သော် ယခုအခါ ယင်းအမိန့်ကို သက်ဆိုင်ရာမှ ပယ်ဖျက်လိုက်ပြီ ဖြစ်သည်။

“ပွင့်လင်းရာသီလည်းရောက်ပြီ ကိုဗစ်လည်းလျော့ကျလာပြီ Stay at home လည်းမရှိတော့ဘူးဆိုတော့ ကျွန်တော်တို့က လုပ်ငန်းပြန်စဖို့ မျှော်လင့်နေတာပေါ့”ဟု ခရီးသွားလုပ်ငန်းရှင် တစ်ဉီးကပြောသည်။

သို့သော်လက်ရှိ နိုင်ငံရေးအခင်းအကျင်းနှင့် ထုတ်ပြန်နေသည့် ထုတ်ပြန်ချက်များ ကိုလည်းကြည့်ကာ ချင့်ချိန်နေရသေးကြောင်း ၎င်း ကဆိုသည်။

ကိုဗစ်ကပ်ဘေးကြောင့် လပေါင်းများစွာရပ်နားထားသည့် ရန်ကုန်-မြိတ် လေကြောင်းလိုင်းများ နိုဝင်ဘာလ ၂၀ ရက်နေ့မှစကာ ဒေသတွင်း ပြန်လည်ပြေးဆွဲတော့မည်ဖြစ်သည်။

“လေယာဉ်တွေ ပြန်ဆွဲရင်တော့ နည်းနည်းပြန်အလုပ်ဖြစ်လာမယ်လို့တော့ ထင်တယ်”ဟု ခရီးသွားလုပ်ငန်ရှင်များအသင်းမှ တာဝန်ရှိသူ ကပြောသည်။

မြိတ်ခရိုင်အတွင်း ခရီးသွားအေဂျင်စီ လေးဆယ်ကျော်ရှိပြီး စပိဘုတ်သင်္ဘောပိုင်ဆိုင်သည့် ခရီးသွားလုပ်ငန်း တစ်ဆယ်ကျော်ရှိသည်။

လက်ရှိမှာတော့ ဒေသတွင်းနေထိုင်သူအချို့မှာ လှေစီးလုံးငှားကာ ကျွန်းခရီးစဉ်ကို အနည်းအကျဉ်း သွားလာနေကြပြီး တစ်ဦးခြင်းအနေဖြင့် လက်မှတ်ဝယ်ဘွတ်ကင်လုပ်ကာ သွားလာမှုမရှိသေးကြောင်း ခရီးသွားလုပ်ငန်းရှင်များ ကပြောပြသည်။

ဒုံးညောင်မှိုင်း၊ စမတ်ကျွန်းခရီးစဉ်အတွက် ခရီးသည်တစ်ဆယ့်ရှစ်ဦးပါ စပိဘုတ် စင်းလုံးငှားခ ဆယ်သိန်းကျပ်ရှိပြီး လေးကျွန်း၊ သမီးလှ၊ ကြယ်ငါးကျွန်း ခရီးစဉ်မှာ ကျပ်ခုနှစ်သိန်းခန့်ရှိကြောင်း ခရီးသွားလုပ်ငန်းရှင်များ ထံမှသိရသည်။