ပရာကျွတ်တွင် ရွှေ့ပြောင်းမြန်မာအလုပ်သမားများ ထပ်မိ

0
239
ပရာကျွတ်ခီရီခန်ခရိုင်တွင် နိုဝင်ဘာလ ၁၇ ရက်နေ့က ဖမ်းမိခဲ့သည့် မြန်မာရွှေ့ပြောင်းလုပ်သားများ

မြန်မာနှင့် ထိုင်းနှစ်နိုင်ငံ နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်-စင်ခွန်းနယ်စပ်၊ ပရာကျွတ်ခီရီခန်ခရိုင်တွင် နိုဝင်ဘာလ ၁၇ ရက်နေ့က ရွှေ့ပြောင်းမြန်မာအလုပ်သမား ၉၀ ဦးနီးပါး ဖမ်းမိခဲ့ကြောင်း သိရသည်။

အဆိုပါ ရွှေ့ပြောင်းမြန်မာအလုပ်သမား အမျိုးသား ၅၂ ဦး၊ အမျိုးသမီး ၃၄ ဦး စုစုပေါင်း ၈၆ ဦးတို့အား နှစ်နိုင်ငံနယ်စပ် တောလမ်းမှတဆင့် တရားမဝင် ဝင်ရောက်လာကြသဖြင့် ပရာကျွတ်ခီရီခန်ခရိုင်၊ ချောင်ဆယ်နှင့် ချောင်ဟပ်တာလီလမ်းဆုံတွင် ထိုင်းအာဏာပိုင်တို့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းနိုင်ငံ၏ တပ်ဘက်ဆိုင်ရာ လူမှုကွန်ရက်စာမျက်နာ Facebook page တစ်ခုတွင် ရေးသားဖေါ်ပြထားသည်။

မောတောင်နယ်စပ်ရှိ တောလမ်းတို့မှ ထိုင်းဘက်သို့ တရားမဝင် ဝင်ရောက်နေကြပြီး ဖမ်းဆီးခံခြင်းတို့အား မကြာခဏဖြစ်ပေါ်နေကြောင်း မောတောင်နယ်စပ်နေ အသက် ၄၀ နှစ်ရှိ အမျိုးသားတစ်ဦးက ပြောပြသည်။

“ဖမ်းနေတာလည်း သွားနေတာပဲ” ဟု အထက်ပါ အမျိုးသားက ပြောသည်။

မြန်မာပြည်တွင် စစ်အာဏာသိမ်းမှုနှင့် ကိုဗစ်ကပ်ဘေးတို့ ရင်ဆိုင်နေရသည့်အချိန် မြန်မာစီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းတို့ ကျဆင်းမှုများလာသဖြင့် ထိုင်းနိုင်ငံတွင်းသို့ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်မှု ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

ထို့အပြင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက အလုပ်သမားရာချီ ထိုင်းဘက်မှ ဖမ်းဆီးခံရပြီးဖြစ်သည်။