မွန်တွင် မြို့နယ် NLD ရုံး နှစ်ရုံး ထပ်မံဗုံးဖောက်ခွဲခံရ

0
312

မွန်ပြည်နယ်အတွင်းရှိ ရေးနှင့် ချောင်းဆုံမြို့နယ်က အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ်ပါတီ (NLD) ရုံးများ ထပ်မံ ဗုံးဖောက်ခွဲခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ရေးမြို့ရှိ မြို့နယ် NLD ပါတီရုံးတွင် နိုဝင်ဘာ ၁၂ ရက်နေ့ ည ၁၂ နာရီကျော်အချိန်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

“ပေါက်ကွဲမှုက ည ၁၂ နာရီကျော်ကျော်လောက်မှာဖြစ်သွားတယ်၊ ပေါက်ကွဲသံကတော့ အကျယ်ကြီးပဲ NLD ရုံးမှာ ပေါက်တယ်လို့ ပြောတယ်” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။

အလားတူ နိုဝင်ဘာ ၁၂ ရက်နေ့ညပိုင်းကလည်း ချောင်းဆုံမြို့တွင်ရှိသည့် မြို့နယ် NLD ပါတီရုံးတွင်လည်း ဗုံးဖောက်ခွဲခံရကြောင်း သိရသည်။

ဗုံးဖောက်ခွဲခံရမှုကြောင့် ချောင်းဆုံမြို့နယ် NLD ပါတီရုံး တစ်ခုလုံးနီးပါး ပျက်စီးသွားသည့်အပြင် ဘေးပတ်ဝန်းကျင်နေအိမ်အချို့လည်း
ထိခိုက်ပျက်စီးမှု ရှိခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

“ပေါက်ကွဲမှုက အတော်ပြင်းတယ်၊ လူထိခိုက်တာတွေတော့ မကြားမိဘူး” ဟု ချောင်းဆုံဒေသခံတစ်ဦးက ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် NLD ပါတီရုံးနေရာတို့တွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟုလည်း ဒေသခံတို့က ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက်နေ့ညကလည်း ကျိုက်ထို၊ ဘီးလင်းနှင့် သထုံမြို့နယ် NLD ပါတီရုံးများ ဗုံးဖောက်ခွဲခံရသည့်ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့သေးသည်။

အဆိုပါ ပေါက်ကွဲမှုများကြောင့် ဘီးလင်း ကျိုက်ထိုနှင့် သထုံမြို့နယ် ပါတီရုံးအဆောက်အအုံ အချို့ ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး လူထိခိုက်သေဆုံးမှုမရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားမှုရှိခဲ့ပြီး အထူးသဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်းနေအိမ်တွေ၊ လျှပ်စစ်ရုံးတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးများတွင် ဗုံးပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွားလာခဲ့သည်။

ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် အချို့သော ပေါက်ကွဲမှုဖြစ်စဉ်သည် ဒေသအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သော်လည်း အချို့သောပေါက်ကွဲမှုဖြစ်စဉ်တို့သည် မည်သူမည်ဝါလုပ်ဆောင်သည်ကို အတည်ပြုနိုင်ခြင်းမရှိပေ။