တနင်္သာရီတိုင်း မြို့နယ် လေးခုတွင် စစ်ရှောင် ထောင်ချီ

0
231

တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်လေးခုတွင် အိုးအိမ်တွေနှင့် ဥယျာဉ်ခြံများကို စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင် သုံးထောင်ကျော်ရှိကြောင်း ဒေသခံတို့ထံမှ စုံစမ်းသိရှိရသည်။

ထားဝယ်၊ ရေဖြူ၊ သရက်ချောင်း၊ ပုလော မြိုနယ်လေးခုတွင် ဒေသခံများသည် စစ်တပ်ရန်ကို စိုးရိမ်သဖြင့် အိုးအိမ်နှင့် ဥယျာဉ်ခြံတွေကို ပစ်ပြီး နီးစပ်ရာ တောတောင်၊ ဥယျာဉ်ခြံ၊ ဘုန်းကြီးကျောင်းတွင် တိမ်းရှောင်နေထိုင်ရကြောင်း သိရှိရသည်။

ထားဝယ်မြို့နယ်တွင်းရှိ အမှတ်(၂) သတ္တုတွင်းရှိရာ ဟာမြင်းကြီးကျေးရွာအုပ်စု မြေးခန္တီရွာနှင့် ရေဖြူမြို့နယ် သစ်ကတုံးရွာ၊ ထန်းတလုံးရွာ၊ လေးအိမ်စုရွာ၊ ရေပုန်းရွာ စသည့် အနီးကျေးရွာများတွင် စစ်ရှောင်နေရသူ ဒေသခံရွာသူ ရွာသား ၅၀၀ ဝန်းကျင်ရှိကြောင်း ဒေသခံအချို့၏ ပြောပြချက်အရ သိရသည်။

ထားဝယ်မြို့ ဟာမြင်းကြီးကျေးရွာအုပ်စု၊ မြေးခန္တီနဲ့ ရေဖြူမြို့နယ် သစ်ကတုံးရွာကြားမှာ နိုဝင်ဘာလ ၃ ရက် နံနက် ၆ နာရီခန့်က စစ်ကောင်စီ၏ စစ်တပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

မြေးခန္တီဘက်ကို ချီတက်လာသည့် တပ်စစ်ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(DGRF)က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်သား ၇ ဦးသေဆုံးကာ ဆယ်ဦးခန့် ဒဏ်ရာရခဲ့ကြောင်း ထားဝယ်မြို့ပြောက်ကျားအဖွဲ့ (DGRF)က ထုတ်ပြန်ထားသည်။ စစ်တပ်ဘက်မှ ယင်း ကိန်းဂဏန်းနှင့် ပတ်သက်ပြီး ထုတ်ပြန်ခြင်း မရှိသေးပေ။

မိုင်းဆွဲတိုက်ခိုက်ခံရပြီး မကြာမီ စစ်တပ်က PDF တွေရှိနိုင်မယ်ထင်တဲ့နေရာတွေကိုမှန်းဆကာ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် မြေးခန္တီအပါအဝင် အနီးတဝိုက်ရှိ ဒေသခံများသည် အိုးအိမ် စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြေးခန္တီရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“တချို့တောင် မကျန်ခဲ့ဘူး ရွာမှာက၊ လေးငါးအိမ်လောက်ပဲ ကျန်ပြီရှင့်၊ သူတို့ကတော့ ခြိမ်းခြောက်တာပေါ့ရှင် ကိုယ့်အိမ်မှာ ကိုယ်ပြန်လာနေရမယ်၊ လာမနေတဲ့အိမ် တံခါးပိတ်ထားတဲ့ အိမ်ဆိုရင် မီးရှို့မယ်ပေါ့ အဲလိုမျိုးတွေပြောတယ်ရှင့်၊ ဒါပေမယ့် ကျမတို့ကတော့ မီးရှို့လဲ ရှို့ပစေပေါ့ အသက်မသေခံနိုင်ဘူးဆိုပြီး ထွက်ပြေးနေရတာပေါ့ရှင်”ဟု ၎င်းက ဆိုသည်။

ရေဖြူမြို့နယ်နှင့် ထားဝယ်မြို့နယ်အတွင်း စစ်ရှောင်များမှာ စားနပ်ရိက္ခာနှင့် ဆေးဝါးတွေလိုအပ်နေကြောင်းလို့ ဂိမှာန်ထောက်ပို့အဖွဲ့က ပြန်ကြားရေးတာဝန်ခံနဲ့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ အခြားအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အလားတူ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် စစ်ရှောင် ၂၀၀၀ ကျော်ခန့်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

စက်တင်ဘာလ ၇ ရက်က ပုလောမြို့နယ်၊ KNU ထိန်းချုပ်နယ်မြေအတွင်းရှိ ဆားခဲကျေးရွာ၊ ပိန္နဲတောင်ကျေးရွာတို့တွင် အောက်တိုဘာ ၂၃ ရက်က မိကျောင်းသိုက်ကျေးရွာအုပ်စုတို့တွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(LPDF)တို့ နှစ်ဖက်အပြန်အလှန် ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့သည်။

မိ‌‌‌ကျောင်းသိုက်ကျေးရွာအုပ်စုတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် စိုးရိမ်မှုများ ရှိသော်လည်း အိုးအိမ်နှင့် ဥယျာဉ်ခြံမြေတွေကို မစွန့်ခွာနိုင်သူတို့မှာ စစ်တပ်၏ ဖိအားပေးမှုကြောင့် ကျေးရွာတွင် ပြန်လည်နေထိုင်နေကြသည်ဟု ပုလောမြို့နယ်တွင် စစ်ဘေးရှောင်များကို ကူညီပေးနေသော အမျိုးသားတစ်ဦးက ပြောသည်။

အလားတူ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်တွင်လည်း ယခင်က စစ်ရှောင်နေသူ ငါးထောင်နီးပါးခန့်ရှိခဲ့ပြီး ယခုအခါ စစ်ရှောင် တစ်ထောင်ကျော်ရှိနေသေးသည်ဟု ဒေသခံအချို့၏ ပြောပြချက်အရ သိရသည်။

စစ်ရှောင်နေသူများတွင် မွေးဖွားခါနီး ကိုယ်ဝန်သည်များ၊ မီးဖွားပြီးစ မိခင်နှင့် ကလေးများ၊ အသက်ကြီးရွယ်အိုများ၊ နာမကျန်းဖြစ်နေသူများလည်းပါဝင်ပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးတို့ လိုအပ်နေကြောင်း စစ်ရှောင်တွေကို ကူညီပေးနေသည့် ဒေသခံအချို့က ပြောသည်။

စစ်ရှောင်များအတွက် စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းများ၊ ဆေးဝါးများလိုအပ်နေပြီး သယ်ယူပို့ဆောင်ရန်လည်း အခက်အခဲများရှိနေကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အဖွဲ့များထံမှ သိရသည်။

“ကျွန်မ တို့လည်း TV ထဲမှာပဲ ကြည့်နေရတာ၊ အခုတော့ လက်တွေ့ကြုံနေရတော့ ကျွန်မတို့ ဒုက္ခရောက်နေတာကို ပြောပြလို့တောင် မရတော့ဘူး၊ TV ထဲမှာဖြစ်နေတဲ့ဟာက တကယ့်လက်တွေ့ခံစားနေရပြီဆိုတော့”ဟု မြေးခန္တီရွာမှ စစ်‌ရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။