မော်လမြိုင်တွင် ရဲဟောင်းတစ်ဦး ပစ်သတ်ခံရ

0
189

မွန်ပြည်နယ် မော်လမြိုင်မြို့ မောင်ငံရပ်ကွက်တွင် ယနေ့နံနက်ပိုင်းအချိန်ခန့်က ရဲဝန်ထမ်းဟောင်းတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း မြို့ခံတို့ထံမှ သိရသည်။

ရဲဝန်ထမ်းဟောင်းတစ်ဦးဖြစ်သူ ဦးသိန်းထွန်းဦးကို နိုဝင်ဘာ ၈ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်က မောင်ငံရပ်ကွက် ရွှေဗျိုးဖြူဘုရားအနီးတွင် သေနတ်သမားနှစ်ဦးက လာရောက် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးသိန်းထွန်းဦးသည် သေနတ်ဒဏ်ရာ ၃ ချက်ဖြင့် အခင်းဖြစ်ပွားရာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။

“သေနတ်ပစ်ခံရတဲ့လူက ရဲထွက်လို့ သိရတယ်၊ အပစ်ခံရတဲ့နေရာမှာပဲ လဲကျ သေသွားတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

ဦးသိန်းထွန်းဦးကို ၎င်းတို့ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ် နွေဦးတော်လှန်ရေးတပ်ဦးနှင့် မိတ်ဖက်အဖွဲ့အစည်းတို့က ထုတ်ပြန်ထားသည်။

ရဲဝန်ထမ်းဟောင်း ဦးသိန်းထွန်းဦးသည် PDF များကို ခြိမ်းခြောက်တာ စစ်ကောင်စီနှင့် ပူးပေါင်းပြီး ပြည်သူကို ဒုက္ခပေးနေသည့်အတွက် ယခုလို သုတ်သင်ရှင်းလင်းရခြင်းဖြစ်သည်ဟုလည်း မွန်ပြည်နယ် နွေဦးတော်လှန်ရေးတပ်ဦးနှင့် မိတ်ဖက်အဖွဲ့အစည်းတို့က ထုတ်ပြန်ထားသည်။

ရဲဝန်ထမ်းဟောင်း ပစ်သတ်ခံရပြီးနောက် မော်လမြိုင်မြို့ပေါ် ရပ်ကွက်အများစုတွင် အာဏာသိမ်းစစ်ကောင်စီတို့က ပိတ်ဆို့ ရှာဖွေတာ စစ်ဆေးတာတွေ လုပ်ဆောင်နေသည်ဟုလည်း မြို့ခံတို့ထံမှ သိရသည်။

မော်လမြိုင်တွင် ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်နေ့က အောက်ကျင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံထားရသည်။ ၎င်းပြင် အောက်တိုဘာလ ၈ ရက်နေ့ကလည်း မောင်ငံရပ်ကွက်မှ ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံထားရသည့်ဖြစ်စဉ် ရှိခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မော်လမြိုင်မြို့ပေါ်တွင် ဗုံးပေါက်ကွဲမှုဖြစ်စဥ်များ မကြာခဏဖြစ်ပွားလေ့ရှိသည့်အပြင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပစ်သတ်ခံရသည့်ဖြစ်စဥ်လည်း ရှိလာခဲ့သည်။