ကပ်ဘေး အကြားမှ မြိတ်ကပ်ကြေးကိုက်

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

လူအများနေ့စဉ်စားသုံးနေသည့် အစားအသောက်များ စျေးတက်နေသော်လည်း မြိတ်ဒေသထွက် ရိုးရာအစားအစာဖြစ်သည့် မြိတ်ကပ်ကြေးကိုက် စျေးတက်ခြင်းမရှိကြောင်း စားသုံးသူ၊ ရောင်းချသူများ ထံမှ သိရသည်။

မြိတ်ကပ်ကြေးကိုက်သည် မြိတ်မြို့၏ နာမည်ကြီးရိုးရာ အစားအစာတစ်မျိုးဖြစ်ပြီး မြိတ်သားများအနေဖြင့် မနက်၊ ည အခါမရွေး နေ့စဉ်စားသုံးလေ့ရှိသည့် အစားအစာဖြစ်သည်။

ကပ်ကြေးကိုက်ကြော်ချက်ရာတွင် ပါဝင်သည့် မုန့်ဖတ်၊ ပဲပင်ပေါက်၊ ဆီ၊ ငရုတ်ကြက်သွန်၊ ကြက်ဉ၊ ပင်လယ်စာ စသည့်ပစ္စည်းအားလုံးမှာ စျေးတက်နေကြသည်။ သို့သော် ကပ်ကြေးကိုက်က စျေးမတက်ဟု စားသုံးသူများ ကပြောသည်။

“စျေးကတော့ပုံမှန်ပဲ၊ မတက်ဘူး။ နည်းနည်း အရနည်းသွားတာပဲရှိမယ်”ဟု ကပ်ကြေးကိုက် မနက်တိုင်းစားလေ့ရှိသူ မြိတ်မြို့မှ ကိုမင်းမင်း ကပြောသည်။ စျေးမတက်သော်လည်း ပွဲသေးသွားသည်ကို ဆိုလိုရင်း ဖြစ်သည်။

မြိတ်ကပ်ကြေးကိုက် တစ်ပွဲလျှင် စျေးနှုန်း အမျိုးမျိုးရှိပြီး အနိမ့်ဆုံး ကျပ်သုံးရာမှ နှစ်ထောင်အထိရှိကြောင်း စားသုံးသူများ ကပြောပြသည်။

ကြက်ဉတစ်လုံးပါသည့် ကပ်ကြေးကိုက်တစ်ပွဲ ကျပ်ငါးရာရှိသည်။ ကြက်ဉရေစာ ဖြင့်ဆိုလျှင် ကျပ်တစ်ထောင်ရှိသည်။ ရေစာဆိုသည်မှာ ပင်လယ်စာကို ဆိုလိုပြီး ပုစွန်၊ ကင်းမွန်တို့ ပါဝင်လေ့ရှိသည်။

စားသောက်ဆိုင်ကြီးများတွင် ရောင်းချသည့် ကပ်ကြေးကိုက်များမှာ ရေစာအပြင် ကုန်းစာဟု ခေါ်ကြသည့် ကြက်၊ ဝက်တို့ဖြင့် ဆိုလျှင် တစ်ပွဲကျပ်တစ်ထောင့်ငါးရာမှ ကျပ်နှစ်ထောင်အထိ ရှိကြောင်း စျေးကွက် အတွင်းမှ စုံစမ်း သိရှိသည်။

ကပ်ကြေးကိုက်ကို အနည်းဆုံးတစ်ပွဲငါးရာမှ တစ်ထောင်အထိ ရောင်းချနေသည့် ဆိုင်များ ပစ္စည်းစျေးအတက်တွင် မထောင်းတာလှသော်လည်း ဆင်းရဲသားအများစု နေထိုင်သည့် ရပ်ကွက်တွင် ရောင်းချနေသူများကမူ တစ်ပွဲကျပ်သုံးရာသာ ရောင်းချနေရသည်။

ယင်းကြောင့် တွက်ချေမကိုက်သဖြင့် ညည်းတွားလျက်ရှိသည်။

“စျေးတင်လိုက်ရင် ဝယ်စားမဲ့သူ မရှိတော့ဘူး။ ဒါကြောင့် ဒီအတိုင်းပဲ ရောင်းနေရတယ်။ နည်းနည်းတော့ (အမယ်) လျှော့လိုက်တာပေါ့”ဟု မြိတ်မြို့၊ မြို့သစ်ရပ်တွင် ကပ်ကြေးကိုက်ရောင်းသူ မယုယု ကပြောသည်။

သူမ၏ဆိုင်တွင် မနက်၊ ညနေ အားပေးသူ ဖောက်သည် အများစုမှာ ကလေးငယ်များဖြစ်နေသည့်အတွက် ချင့်ချိန်ကာ ရောင်းပေးနေခြင်းဖြစ်ကြောင်း ပြောပြသည်။

“ကလေးတစ်ယောက် မနက်မိုးလင်းရင် အလွန်ဆုံးမုန့်ဖိုးက သုံးရာပဲရတာ၊ ကပ်ကြေးကိုက် စျေးတင်လိုက်ရင် သူတို့ဘာဝယ်စားကြမလဲ”ဟု မယုယု က မေးခွန်းထုတ်သည်။

မည်သို့ပင်ဆိုစေကာမူ မနက်လင်းလျှင်လင်းခြင်း မြိတ်သူ/မြိတ်သားတိုင်းလိုလို ဆင်းရဲချမ်းသာ ကလေးလူကြီးမရွှေး နှစ်ခြိုက်စွာစားသုံးလေ့ရှိသည့် ပူပူစပ်စပ်ချဉ်ချင် အီအီလေးအရသာရှိသည့် မြိတ်ကပ်ကြေးကိုက်။

မြိတ်သို့တစ်ခြားနေရာမှ အလည်လာသူများအား မြိတ်သားတို့မှ ဂုဏ်ယူစွာ တစ်ကူးတစ်ကဝယ်ကြွေးကြလေ့ရှိသည့် ယင်းကပ်ကြေးကိုက် နိုင်ငံခြားသား အထူးသဖြင့်တရုတ်လူမျိုးများ လျှာဂျွမ်းပစ်သည့်အစားဟု ပြောလေ့ရှိသည့် ကပ်ကြေးကိုက်မှာမူ ကပ်ဘေးအကြား ဝယ်သူရောင်းသူ အပေးအယူမျှဆဲ ဖြစ်သည်။

သို့ သော် ကြက်ဝက်ရေစာအစုံပါသည့် စားနိုင်သောက်နိုင်သူများ၏ ကိုက်ကြေးကိုက်၊ ရေစာနှင့်ကြက်ဉတစ်လုံးပါပြီး ငှက်ပျောရွက်ရနံ့ သင်းနေသည့် လူလတ်တန်းစားတို့၏ ကပ်ကြေးကိုက်။

ပလတ်စတစ်ညော်နံ့နှင့် ကြက်ဉရနံ့သဲ့သဲ့လေးသာပါသည့် လူဆင်းရဲတို့၏ ကျွတ်ကျွတ်အိပ်ထုတ် ကပ်ကြေးကိုက်၊ စသည်ဖြင့် အမျိုးမျိုးအစားစားတော့ ရှိနေဦးမည်ဖြစ်သည်။

သို့သော် နှစ်ယောက် တစ်ပွဲ ကပ်ကြေးကိုက်အတန်းအစား တစ်ရပ်လည်း ထပ်ပေါ်လာသည်။

အလုပ်လက်မဲ့လူတန်းစား တစ်နေ့တခြား များလာနေသည့် ခေတ်ကာလအခြေအနေအရ ဆင်းရဲသားရပ်ကွက်တွင်နေထိုင်သည့်ကလေးတစ်ဉီးတည်း သုံးရာတန် ကပ်ကြေးကိုက် တစ်ပွဲ စားနိုင်လျှင် စားနိုင်သောက်နိုင် လူတန်းစားတွင် အကျုံးဝင်သေးသည်။

ယင်းထက်ပိုဆင်းရဲသည့် ကလေးများလည်း ရှိနေသေးပြီး ကလေးနှစ်ဉီးပေါင်းမှ ကပ်ကြေးကိုက် သုံးရာတန် ပါဆယ်ဆွဲကာ ထမင်းကြမ်းဖြင့် စားနေကြသူများလည်း ရှိနေကြောင်း အင်းလေးမြိုင်ရပ်ကွက်တွင် ကပ်ကြေးကိုက် ရောင်းချသူ မစန်း ကပြောသည်။

“ဒါတောင် သူတို့နေ့တိုင်း ဝယ်စားနိုင်တာမဟုတ်ဘူး။ ထမင်းကြမ်းပဲ စားပြီးနေရတဲ့ မနက်တွေရှိတယ်”