ပုလောတိုက်ပွဲအပြီး ဒေသခံ တစ်ထောင်ကျော်စစ်ရှောင်

0
234

တနင်္သာရီတိုင်း၊ ပုလောဒေသတိုက်ပွဲကြောင့် ဒေသခံ မိကျောင်းသိုက်ရွာသားတစ်ထောင်ကျော် စစ်ဘေးရှောင်နေရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများလိုအပ်နေကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့်အဖွဲ့မှ သိရသည်။

မိကျောင်းသိုက်ကျေးရွာတွင် အောက်တိုဘာ ၂၃ ရက်နေ့က စစ်ကောင်စီတပ်နှင့် ပုလောဒေသပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မိကျောင်းသိုက်ရွာ ဒေသခံများ အိမ်တွင် နေထိုင်မရဲသဖြင့် ကျေးရွာဘုန်းကြီးကျောင်းနှင့် နီးစပ်ရာ တောတောင်များတွင် စစ်ရှောင်နေကြရသည်ဟု အထက်ပါအဖွဲ့မှ အမျိုးသားတစ်ဦးက ဆိုသည်။

“လက်ရှိအခြေနေအရ အားလုံးကတော့ စစ်ရှောင်နေရတယ်၊ ရွာထဲမှာ အိမ်ထဲမှာ ပြန်မနေရဲဘူး၊ ကျွန်တော် တို့ရွာရဲ့ ဘုန်းကြီးကျောင်းရှိတယ် အဲဒီဘုန်းကြီးကျောင်းမှပဲ စုပြီးတော့ နေနေရတယ်၊ တချို့ဆို ကိုယ့်ခြံထဲမှာကိုယ်ပြန်နေတာလည်း ရှိတယ်၊ တောထဲမှာလည်းသွားနေတာရှိတယ်၊ သွားရလာရတာ အခက်အခဲလည်းရှိတာပေါ့၊ အဓိက စားဝတ်နေရေးက အရမ်းအခက်အခဲဖြစ်တာပေါ့” ဟု အမျိုးသားက ဆိုသည်။

ယင်းဒေသရှိ အချို့ရွာများတွင် ပြည်သူ့စစ်နှင့် ပျူစောထီးအဖွဲ့များက စစ်ကောင်စီတပ်နှင့်ပူးပေါင်းကာ လမ်းပန်းဆက်သွယ်ရေး လမ်းကြောင်းများ ပိတ်ဆို့ကာ တားဆီးစစ်ဆေးနေပြီး ၎င်းတို့ မသင်္ကာသည့်လူများကို ဖမ်းဆီးမှုများရှိနေသဖြင့် အသွားအလာ အခက်အခဲရှိကြောင်း ၎င်းက ပြောသည်။

“လမ်းကြောင်းပိတ်ဆို့တာတွေရှိတယ်၊ သွားလို့လာလို့မရတဲ့ဟာတွေရှိတယ်၊ အရမ်းအခက်အခဲဖြစ်နေတဲ့အချိန်ပေါ့၊ အဓိကတော့ စားဝတ်နေရေးပေါ့၊ ဆန်တို့ဘာတို့တောင် ဝယ်လို့မရတဲ့အနေအထားတောင်ရောက်သွားတယ်” ဟု အထက်ပါအမျိုးသားက ဆိုသည်။

မိကျောင်းသိုက်ရွာ စစ်ရှောင်သူများတွင် သက်ကြီးရွယ်အိုများ၊ လမ်းမလျှောက် နိုင်သည့် ကျန်းမာရေးမကောင်းသူများ၊ မီးဖွားပြီးစ မိခင်များ၊ ကိုယ်ဝန်သည် အမျိုးသမီးများနှင့်ကလေးငယ်များလည်းရှိနေပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါး၊ နေရာထိုင်ခင်း၊ ဆောင်းရာသီအတွက် အနွေးထည်များပါ လိုအပ်နေသည်ဟု အထက်ပါအဖွဲ့ထံက သိရသည်။

အောက်တိုဘာ ၂၃ ရက်က KNU တပ်မဟာ (၄) လွတ်မြောက်နယ်မြေတွင်းရှိ မိကျောင်းသိုက်ကျေးရွာကို ဝင်လာသည့် အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် ပုလောဒေသပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး နှစ်ဆယ်ဦးထက်မနည်း ဒဏ်ရာရခဲ့သည်ဟု PRDF အဖွဲ့က ဆိုထားသည်။ယင်းနှင့် ပတ်သက်၍ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

တိုက်ပွဲမဖြစ်မီက ပျူစောထီအဖွဲ့ဝင် ၃ ဦးကို ဖမ်းမိခဲ့ပြီး AK သေနတ် ၈ လက်၊ ကျည်ဆန်၊ ငွေကြေးနှင့် စစ်ယူနီဖောင်းဝတ်စုံအချို့ကို PRDF အဖွဲ့က သိမ်းဆည်းရရှိခဲ့ကြောင်း PRDF မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဲဒီနောက် အောက်တိုဘာ ၂၆ ရက် မနက် ၅ နာရီခန့်တွင် ဇရပ်ဆိပ်ရွာကျေးရွာအုပ်စု တပို့ကျေးရွာအနီးတွင် ကော့သောင်းဘက်မှလာသည့် စစ်ကားယာဉ်တန်း ၁၈ စီးကို PRDF တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကား ၃ စီးထိခိုက်ပျက်စီးကာ စစ်ကောင်စီဘက်က ၃ ဦးထက်မနည်းသေဆုံးခဲ့ပြီး နှစ်ဆယ်ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း PRDF က ထုတ်ပြန်ထားသည်။

ယင်းတို့နှင့် ပတ်သက်ပြီး စစ်ကောင်စီ တပ်ဘက်မှ တုံ့ပြန်သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။