မွန်တွင် စျေးများပြန်ဖွင့်၊ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသည့်ဆိုင်များသာ ရောင်းခွင့်ပြု

0
287

မွန်ပြည်နယ်အတွင်းရှိ စည်ပင်သာယာစျေး ပြန်လည်ဖွင့်လိုက်ပြီး ကိုဗစ်ကာကွယ်ဆေးထိုးထားပြီးသည့် စျေးဆိုင်များသာ ရောင်းချခွင့်ပြုကြောင်း စျေးတာဝန်ခံနှင့် စျေးသူစျေးသား တို့ထံမှ သိရသည်။

မော်လမြိုင် အမှတ်(၁) စျေးနှင့် မြိုင်ရတနာလေးထပ်စျေးတို့အပါအဝင် ပြည်နယ်အတွင်းရှိ စည်ပင်သာယာစျေးများကို အောက်တိုဘာ ၂၅ ရက်နေ့မှစကာ ပြန်လည်ဖွင့်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

ဆိုင်ရှင်များအနေနှင့် စျေးရောင်းသူနှင့် အလုပ်သမားများအား ကိုဗစ်ကာကွယ်ဆေးထိုးထားပြီး ဖြစ်ကြောင်း အထောက်အထား ဆေးလက်မှတ်ကို သက်ဆိုင်ရာ စျေးတာဝန်ခံရုံးထံ တင်ပြနိုင်မှသာ ဆိုင်ပြန်လည်ရောင်းချခွင့် ရရှိမည်ဖြစ်သည်။

“ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် ထိုးပြီးကြောင်း ဆေးလက်မှတ်ပြနိုင်တဲ့ ဆိုင်တွေကို ပြန်ဖွင့်ခွင့်ပေးတယ်” ဟု မော်လမြိုင်အမှတ်(၁) စျေးမှ တာဝန်ခံအဖွဲ့ဝင် ဦးစိုးက ပြောသည်။

ကိုဗစ်ကာကွယ်ဆေးမထိုးရသေးသည့် ဆိုင်ခန်းများအတွက် ကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပြီး ကာကွယ်ဆေးထိုးနှံနိုင်ရေး သက်ဆိုင်ရာ စျေးတာဝန်ခံရုံးတို့တွင် စာရင်းပေးသွင်းနိုကြောင်း သိရသည်။

ကိုဗစ်ရောဂါကူးစက်မှုနှုန်းမြင့်တက်ခဲ့သည့် ဇူလိုင်လဆန်းနောက်ပိုင်းတွင် ပြည်နယ်အတွင်းရှိ စည်ပင်သာယာစျေးများတွင် ဆေးဝါးနှင့် အခြေခံစားသောက်ကုန်ဆိုင်များကလွဲပြီး ကျန်စျေးဆိုင်များအားလုံးကို ရောင်းချခွင့် ပိတ်ထားခဲ့သည်။

လက်ရှိတွင် စျေးဆိုင်များ ပြန်လည်ရောင်းချခွင့် ပြုလိုက်သော်လည်း စျေးဆိုင်အများစု ဖွင့်လှစ်နိုင်ခြင်းမရှိသေးဘူးကြောင်း စျေးဆိုင်ပိုင်ရှင်တို့ထံမှ သိရသည်။

” အများစုကတော့ မဖွင့်နိုင်ကြသေးဘူး၊ ပိတ်ထားရတာလဲ ကြာပြီဆိုတော့ ပြင်ရ ဆင်ရဦးမယ်လေ၊ တချို့ကလည်း ကာကွယ်ဆေးမထိုးရသေးလို့ မဖွင့်နိုင်တာလည်းရှိတယ်၊ တဖြည်းဖြည်းနဲ့တော့ ပြန်ဖွင့်လာကြမှာပါ” ဟု မော်လမြိုင်အမှတ်(၁) စျေးမှ အထည်ဆိုင်ရှင် မဝေမာက ပြောသည်။

မွန်ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှု လျော့ကျလာသည့်နောက် အောက်တိုဘာလဆန်းပိုင်းမှစကာ နေအိမ်တွင် နေထိုင်ရန် (Stay at Home) မသတ်မှတ်ထားသည့် မုဒုံ၊ ရေး၊ ကျိုက်မရော၊ ပေါင်နှင့် ကျိုက်ထိုမြို့နယ်အတွင်းရှိ စျေးဆိုင်များအားလုံးကို ပြန်လည်ဖွင့်လှစ် ရောင်းချခွင့် ပြုခဲ့သည်။