ကိုဗစ်ပိုးတွေ့နှုန်းကျနေသော်လည်း Stay at Home မဖျက်သဖြင့် ထားဝယ်ဒေသခံအချို့ ဝေဖန်

0
152

ထားဝယ်ဒေသတွင် ကိုဗစ်ပိုးတွေ့သည့် လူနာအရေအတွက် ကျဆင်းသွားသော်လည်း Stay at Home သတ်မှတ်ထားခြင်းအား မပယ်ဖျက်သေးသဖြင့် ထားဝယ်ဒေသခံများအကြား ဝေဖန်ပြောဆိုမှုများ ရှိနေသည်။

ကိုဗစ်ကူးစက်မှုများပြားသည့်အတွက် ပြီးခဲ့သည့် သြဂုတ်လ ၂၁ ရက်နေ့မှစကာ ထားဝယ်မြို့နယ်အား နေအိမ်တွင်သာနေထိုင်ရန်(Stay at Home) မြို့နယ်အဖြစ် သတ်မှတ်ထားခဲ့သည်။

ယင်းအချိန်က ထားဝယ်မြို့နယ်အတွင်း တစ်ရက်ပျမ်းမျှ ပိုးတွေ့လူနာ ၂၀ ကျော်ရှိခဲ့ပြီး တစ်တိုင်းလုံးရှိ မြို့နယ်အားလုံး၏ ပိုးတွေ့နှုန်းမှာ ၂၀၀ ဦးဝန်းကျင်ရှိသည်။

Stay at Home သတ်မှတ်ထားသည့်အတွက် အိမ်ထောင်စုတစ်ခုလျှင် လူတစ်ဦးနှုန်းသာ အပြင်ထွက်ခွင့် ကတ်ပြားဖြင့် နေအိမ်ပြင်ပသို့ သွားလာခွင့်ရှိသည်။

ယင်းအပြင်ထွက်ခွင့်မပါဘဲ နေအိမ်ပြင်ပသို့သွားလာပါက အရေးယူခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် ထားဝယ်မြို့နယ်အတွင်း တစ်ရက်လျှင် ပျမ်းမျှ ကိုဗစ်ပိုးတွေ့သူ ၅ ဦးခန့်နှင့် တနင်္သာရီတိုင်းအနေဖြင့် ၂၀ ဦး ဝန်းကျင်သာ ရှိတော့ကြောင်း တိုင်းဒေသကြီးကျန်းမာရေးဌာန စာရင်းအရ သိရသည်။

ထိုကဲ့သို့ ပိုးတွေ့နှုန်းလျော့ကျလာသော်လည်း Stay at Home သတ်မှတ်ချက် မပယ်ဖျက်သေးသည့်အတွက် စီးပွားရေး၊ လူမှုရေးကိစ္စများတွင် အဟန့်အတားများစွာကြုံနေရကြောင်း မြို့ခံအချို့က ငြီးတွားကြသည်။

လက်ရှိတွင် အပြင်ထွက်ခွင့်ကတ်ပြား ပါ မပါ စစ်ဆေးမှုမတွေ့ရသော်လည်း အပြင်ထွက်ခွင့်ကတ်ပြား တစ်ခုသာရှိသည့်အတွက် စားဝတ်နေရေးအတွက် လုပ်ကိုင်စားသောက်ရာတွင် စိတ်မလုံခြုံမှုကို ခံစားရကြောင်း ဆိုင်ကယ်ကယ်ရီမောင်းသူတစ်ဦးက ဆိုသည်။

“ကတ်ပြားကို ကိုယ်ကယူသွားရင်လည်း အိမ်ကလူတွေ အပြင်ထွက်ရမှာ ကြောက်နေကြတယ်၊ အိမ်မှာထားခဲ့ပြန်ရင်လည်း ကိုယ်က ကြောက်နေရတာ”ဟု ၎င်းက ပြောသည်။

Stay at Home သတ်မှတ်ချက်အရ အရေးပေါ်ကျန်းမာရေးကိစ္စအတွက်သာ ကတ်ပြားတစ်ခုလျှင် တစ်အိမ် ၂ ဦးနှုန်း ထွက်ခွာခွင့်ရှိသည်။

ယင်းကန့်သတ်ချက်ကြောင့် တစ်ဦးထက်ပိုပြီး အပြင်ထွက်လိုပါက အိမ်နီးချင်းမိတ်ဆွေများထံမှ ကတ်ပြားငှားရမ်းပြီး သွားလာနေကြကြောင်း မြို့ခံတစ်ချို့က ဆိုသည်။

လက်ရှိတွင် ကိုဗစ်ပိုးတွေ့လူနာအရေအတွက် ကျဆင်းနေပြီဖြစ်သည့်အတွက် Stay at Home ကန့်သတ်ချက်အား ပယ်ဖျက်သင့်ပြီဖြစ်ကြောင်း ထားဝယ်မြို့နေ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

“လူနာဦးရေလည်း လျော့နေပြီဆိုတော့ ကိုဗစ်စည်းကမ်းကို ဖျက်သိမ်းသင့်ပြီလို့ထင်တယ်၊ ထုတ်ပြန်တုန်းကလည်း ထုတ်ပြန်ပြီးပြီဆိုတော့လေ” ဟု ၎င်းက ပြောသည်။

အောက်တိုဘာလ ၂၇ ရက်က တိုင်းနှင့်ပြည်နယ်များရှိ ၄၄ မြို့နယ်အား Stay at Home သတ်မှတ်ထားခြင်းမှ ပယ်ဖျက်ခဲ့သည်။

သို့ရာတွင် ကူးစက်မှုနှုန်းကျနေသည့် ထားဝယ်မြို့နယ် အပါအဝင် Stay at Home သတ်မှတ်ထားသည့် တနင်္သာရီတိုင်းအတွင်းမှ မြို့နယ်များ မပါဝင်ခဲ့ပေ။

ကိုဗစ်နှင့်ပတ်သက်သည့် Stay at Home သတ်မှတ်ခြင်း၊ ပယ်ဖျက်ခြင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခြင်းဖြစ်ကြောင်း တိုင်းကောင်စီ၏ တနင်္သာရီတိုင်း လူမှုရေးဝန်ကြီး ဦးယဉ်ထွေးက ရှင်းပြသည်။

“Stay at home က ဒီကနေကြေညာတာမဟုတ်ဘူး။ ပိုးတွေ့လူနာအပေါ် သေဆုံးမှုနှုန်းပေါ်ကြည့်ပြီးတော့မှ ကျန်းမာရေးဝန်ကြီးဌာနကနေထုတ်ပြန်တာပါ” ဟု အောက်တိုဘာလ ၁၅ ရက်နေ့တွင် ၎င်းက ပြောသည်။

ကိုဗစ်ကူးစက်မှုမြင့်တက်ခဲ့သည့် သြဂုတ်လအတွင်းက ထားဝယ်ဒေသတွင် ကိုဗစ်ကြောင့် သေဆုံးသူများပြားလွန်းသဖြင့် မီးသင်္ဂြိုဟ်ရန်ပင် အခက်အခဲတွေ့ခဲ့ရသည်။

လက်ရှိတွင် ထားဝယ်မြို့၌ ကိုဗစ်ကြောင့်သေဆုံးသူအရေအတွက်မှာ တစ်ရက်လျှင် ပျမ်းမျှ ၂ ဦးခန့်သာရှိတော့ကြောင်း နာရေးကူညီမှု(ထားဝယ်)၏ ထုတ်ပြန်ချက်အရ သိရသည်။