တောင်ပျောက်တိုက်နယ်တွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

0
182

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်၊ ဝင်းကဖော်ကျေးရွာတွင် ဒလန်ဟု စွပ်စွဲခံရသူ အမျိုးသားတစ်ဦး အောက်တိုဘာ ၂၆ ရက် ည ၁၂ နာရီခန့်တွင် သေနတ်နှင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံအချို့၏ ပြောပြချက်အရသိရသည်။

စစ်ကောင်စီတပ်က ဖမ်းမိသူတစ်ချို့ကို စစ်ဆေးရာတွင် ယခု ပစ်သတ်ခံရသူ ဦးစိုးစိုးကိုယ်တိုင် ပါဝင်ခဲ့ဖူးပြီး စစ်ကောင်စီတပ်ကို ကားမောင်းလိုက်ပို့ပေးလေ့ရှိသဖြင့် အများက ဒလန်ဟု ပြောဆိုနေကြသည်ဟု ဝင်းကဖော်ကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“သေနတ်သံ တစ်ချက်ပဲ ကြားတယ်၊ အိမ်ပေါ်မှာကိုယ်တိုင်ကို လာပစ်သွားတာ၊ သူ့မယား သူ့သားတွေ အော်ငိုလာမှ တစ်ယောက်ကို တစ်ယောက် ဖုန်းဆက်ကြတာ စိုးစိုးသေသွားပြီဆို သတင်းကြားရတယ်” ဟု ဒေသသခံအမျိုးသမီးက ဆိုသည်။

အသက် ၃၈ ခန့်ရှိ ဦးစိုးစိုး သေဆုံးပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းတို့ မသင်္ကာသည့် (လူမရှိသည့်) နေအိမ်ကို သေနတ်ဖြင့် ပစ်ခတ်ကာ နေအိမ်တွင်း လက်ပစ်ဗုံးများဖြင့် ပစ်ခတ်ပြီး တစ်ရွာလုံးကိုလည်း မီးရှို့မည်ဟု ပြောဆိုခြိမ်းခြောက်နေသဖြင့် ရွာသားအချို့မှာ ရှောင်တိမ်းနေရသည်ဟု ၎င်းက ပြောသည်။

ဦးစိုးစိုးကို မည်သည့်အဖွဲ့၊ မည်သူမည်ဝါက ရှင်းလင်းလိုက်သည်ကို မသိရကြောင်း တောင်ပျောက်တိုက်နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဦးစိုးစိုးမှာ ဝင်းကဖော်ရွာ အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း အထူးရဲအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း ဒေသခံ အမျိုးသားက ဆိုသည်။

တောင်ပျောက်တိုက်နယ်သည် ထားဝယ်ခရိုင်တွင် ဒေသခံလုံခြုံရေး တပ်ဖွဲ့နှင့် စစ်ကောင်စီ တပ်တို့ တိုက်ပွဲ ငါးကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ပြီးဖြစ်သည်။