ပါချန်မြစ်ဘေး ဒီရေတောအပင် ငါးရာခန့် ပိုစိုက်

0
648

ထိုင်း-မြန်မာနယ်စပ် ပါချန်မြစ်ဘေးရှိ ဒေသအခေါ် ဝဲကြီး ဝဲငယ်ကျေးရွာ(အောင်မေတ္တာကျေးရွာ)တွင် ယမန်နှစ်ထက် ဒီရေတောအပင် ငါးရာခန့် ပိုမိုစိုက်ပျိုးခဲ့ကြောင်း ပါချန်မြစ်ထိန်းသိမ်းစောင့်ကြည့်ရေးနှင့် မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်က အထိမ်းအမှတ်နေ့များတွင်သာ ဒီရေတောအပင် ၁၀၀၀ ခန့် ပြန်လည်စိုက်ပျိုးနိုင်ခဲ့ကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။

ယခုနှစ်တွင်မူ ဒီရေတောအပင် ၁၅၀၀ ကျော် စိုက်ပျိုးနိုင်ခဲ့ကြောင်း အထက်ပါအဖွဲ့မှ အတွင်းရေးမှူး ရွှေဖန်(ခ) ကိုမျိုးဇော်ဦးက ပြောသည်။

“ပါချန်ထဲကို ဆင်းတိုင်း ဆင်းတိုင်း ဒီရေတောအပင်တွေ ဆင်းစိုက်တယ်။ ပါချန်ထဲကို အလကားဆင်းတာမဟုတ်ဘူး သစ်ပင်ဆင်းစိုက်တာ၊ အလည်သွားရင်းနဲ့ သားငယ်တွေကို ခေါ်ဆောင်ပြီး သားငယ်တွေကလည်း အိမ်ထဲမှာပဲ နေရတယ်ဆိုတော့” ဟု ကိုရွှေဖန်က ဆိုသည်။

ပါချန်မြစ်ထဲသို့ အလည်သွားတိုင်း အထက်ပါရွာမှ ကလေးများနှင့်အတူ ဒီရေတောအပင်များ စိုက်ပျိုးဖြစ်ကြသဖြင့် ယခင်နှစ်ထက် အပင်အရေအတွက် ပိုစိုက်ပျိုးဖြစ်သည်ဟု ၎င်းက ပြောသည်။

ပါချန်မြစ်မှာ ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံနယ်နိမိတ်စည်းခြားထားသည့် မြစ်ဖြစ်သည်။

ထိုင်းနိုင်ငံဘက်တွင် ကီလိုမီတာ သုံးဆယ်ခန့်ရှိ ဒီရေတောအပင်များစိုက်ပျိုးလိုက်သဖြင့် မြစ်ရေစီးကြောင်းမှာ ဝဲကြီး ဝဲငယ်ကျေးရွာဘက်သို့ ပြောင်းလာကြောင်း ကိုရွှေဖန်က ဆိုသည်။

လက်ရှိတွင် ရေစီးကြောင်းအရင်တိုင်း ပုံမှန်ပြန်ဖြစ်စေရန်ရည်ရွယ်၍ ဒီရေတောအပင်များ ပြန်လည်စိုက်ပျိုးခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

ပါချန်မြစ်ဘေးရှိကျေးရွာများမှာ ပါချန်မြစ်နှင့် ဒီရေတောအပင်များကို အမှီပြုကာအသက်မွေးဝမ်းကျောင်းပြုကြပြီး ခရု၊ ကမာ၊ ကဏန်းမည်း စသည့်ရေထွက်ကုန်များကို ကော့သောင်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့တင်ပို့ရောင်းချကြသည်။

ပါချန်မြစ်အား ထိန်းသိမ်းစောင့်ကြည့်ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ၂၀၁၆ ခုနှစ်က စတင်လုပ်ဆောင်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ဒီရေတောအပင်များ ပြန်လည်စိုက်ပျိုးခဲ့သည်ဟု အထက်ပါအဖွဲ့ထံမှ သိရသည်။

တနင်္သာရီတိုင်းတွင် ပုစွန်မွေးမြူရေးစီမံကိန်းအတွက် ဒီရေတောအပင်များကို အပြောင်ရှင်းခဲ့ကြသည့် ဖြစ်စဉ်များရှိခဲ့သည့်အပြင် ဒီရေတောအပင်များအား မီးသွေးဖုတ်ကာ တနိုင်တစ်ပိုင်စီးပွားရှာကြသူများလည်းရှိသည်။

ဒီရေတောအပင်များသည် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်သည့် သဘာဝဘေးဖြစ်ပွားမှုကို အကာအကွယ်ပေးနိုင်ပြီး ပုစွန်၊ ခရု၊ ကမာ၊ ကဏန်း စသည့် ရေသယံဇာတရှင်သန်ပေါက်ဖွားမှုအတွက် မရှိမဖြစ်လိုအပ်ကြောင်း ဒီရေတော ပညာရှင်များက ပြောဆိုထားသည်။