တနင်္သာရီ ရိုးရာနဂါးလှေလှော်ပွဲတော် ၂ နှစ်ဆက်တိုက် မကျင်းပဖြစ်

0
331
ပုံစာ - ၈၆၈ နှစ်မြောက် တနင်္သာရီ ရိုးရာနဂါးလှေလှော်ပွဲတော်

မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဒေသတွင်း ရိုးရာနဂါးလှေလှော်ပွဲတော် မကျင်းပဖြစ်သည်မှာ ၂ နှစ်ဆက်တိုက် ရှိပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်က ကိုဗစ်ရောဂါကြောင့် ၈၆၇ နှစ်မြောက် ပွဲတော်ကျင်းပခြင်းမရှိခဲ့ပေ။

ယခုနှစ် (၈၆၈ နှစ်မြောက်)တွင်လည်း ကိုဗစ်ကပ်ဘေးနှင့် အခြားအကြောင်းအရာများကြောင့် မကျင်းပနိုင်ခြင်းဖြစ်ကြောင်း တနင်္သာရီမြိုနယ် စာပေနှင့် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီဝင် တစ်ဦးက ပြောသည်။

နဂါးလှေလှော်ပွဲတော်အား ချောင်းကြီးကျောင်းတိုက် ဘုံကထိန်ရက်ဖြစ်သည့် သီတင်းကျွတ်လပြည့်ကျော် ၄ ရက်နေ့တွင် နှစ်စဉ်ကျင်းပလေ့ရှိသည်။

“ပွဲတစ်ပွဲလုပ်ဖို့ဆိုတာ မလွယ်ဘူး” ဟု အထက်ပါစာပေနှင့် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီဝင်က ပြောသည်။

ရိုးရာနဂါးလှေလှော်ပွဲတော်ဖြစ်မြောက်ရန် ကုန်ကျငွေ ကျပ်သိန်းငါးဆယ်ခန့်နှင့် လူအင်အား လိုအပ်ကြောင်း အဆိုပါကော်မတီဝင်က ပြောပြသည်။

နဂါးလှေလှော်ပွဲအား နှစ်စဉ် အစဉ်အလာအတိုင်း မကျင်းပဖြစ်သော်လည်း ချောင်းကြီးကျောင်းတိုက်ဆရာတော်၏ ဩဝါဒအတိုင်း ရေချခြင်းမင်္ဂလာအခမ်းအနား၊ နဂါးလှေတော်တို့၏ ဦးပေါက်တို့အား တင်မြောက်ခြင်း စသဖြင့် အကျဉ်းရုံးအနေဖြင့် ပြုလုပ်ထားပြီးဖြစ်ကြောင်း စာပေနှင့် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီမှ သိရသည်။

နဂါးလှေလှော်ပွဲသည် တနင်္သာရီမြို့မှ လှေတော်လေးစီးနှင့် လယ်သစ်ကျေးရွာမှ နှစ်စီး စုစုပေါင်း

နဂါးလှေတော် ခြောက်စီးဖြင့် တနင်္သာရီမြစ်အတွင်း ဧဇာရင့်ကျူးကာ လှော်ခတ်ပြသကျင်းပပြုလုပ်ခြင်းဖြစ်သည်။