မွန်ရှိ မြို့နယ် NLD ရုံး သုံးရုံး ဗုံးဖောက်ခွဲခံရ

0
400

မွန်ပြည်နယ်အတွင်းရှိ ဘီးလင်း၊ ကျိုက်ထိုနှင့် သထုံမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရုံးများ ဗုံးဖောက်ခွဲခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဘီးလင်းမြို့ ဆရာစံရပ်ကွက်တွင် ရှိသည့် ဘီးလင်းမြို့နယ် NLD ရုံးတွင် အောက်တိုဘာ ၂၄ ရက်နေ့ နံနက် ၁ နာရီကျော်အချိန်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

ဗုံးဖောက်ခွဲခံရမှုကြောင့် ဘီးလင်းမြို့နယ် NLD ရုံးတစ်ခုလုံး ပျက်စီးသွားပြီး လူထိခိုက်မှုမရှိကြောင်းလည်း ဒေသခံတို့က ပြောသည်။

အလားတူ အောက်တိုဘာ ၂၃ ရက်နေ့ည ၁၁ နာရီခွဲဝန်းကျင်ခန့်ကလည်း ကျိုက်ထိုမြို့ ကော့စနိုင်ရပ်ကွက်ရှိ ကျိုက်ထိုမြို့နယ် NLD ရုံးလည်း ဗုံးဖောက်ခွဲခံရသည်။

၎င်းပြင် သထုံမြို့နယ် NLD ရုံးတွင်လည်း အောက်တိုဘာ ၂၃ ရက်နေ့ ည ၁၁ နာရီဝန်းကျင်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် ကျိုက်ထိုနှင့် သထုံမြို့နယ် NLD ရုံးအဆောက်အအုံအချို့ ထိခိုက်ပျက်စီးမှုရှိပြီး လူထိခိုက်မှုမရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားမှုရှိခဲ့ပြီး NLD ရုံး ဖောက်ခွဲခံရသည့် ယခုဖြစ်စဉ်သည် ပထမဆုံးအကြိမ်ဖြစ်သည်။

ယခုလပိုင်းအတွင်း တနင်္သာရီတိုင်း ထားဝယ်မြို့ နှင့် မြိတ်မြို့တို့ အခြေစိုက် NLD ရုံးများ ဖောက်ခွဲခံခဲ့ရသေးသည်။

ယခုရက်ပိုင်းတွင်လည်း လွှတ်တော်ကိုယ်စားလှယ်လောင်းနေအိမ်များ၊ လျှပ်စစ်ရုံးများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွေမှာလည်း ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားလာခဲ့သည်။

ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် အချို့သော ပေါက်ကွဲမှုဖြစ်စဉ်သည် ဒေသအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သော်လည်း အချို့သောပေါက်ကွဲမှုဖြစ်စဉ်တို့သည် မည်သူမည်ဝါလုပ်ဆောင်သည်ကို အတည်ပြုနိုင်ခြင်းမရှိပေ။