ထားဝယ်တွင် သမီးဖြစ်သူ အိမ်တွင်မရှိသဖြင့် မိခင်ကို ဖမ်းဆီး၊ မိသားစုဝင်နှင့် ကလေးငယ်များပါ ထပ် အဖမ်းခံရ

0
191
မိခင်ဖြစ်သူ ဒေါ်မာမာသက်

ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်တွင် ၂ လမ်းတွင် ယမန်နေ့ညပိုင်းက အသက် ၃၀ ဝန်းကျင်ရှိ သမီးဖြစ်သူမပန်းအိဖြူကို စစ်တပ်ကလာဖမ်းရာ သမီးဖြစ်သူနေအိမ်တွင်မရှိသဖြင့် မိခင်ဖြစ်သူကိုဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

အောက်တိုဘာ ၂၃ ရက် ည ၈ နာရီခွဲခန့်က မပန်းအိဖြူနေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးခန့်ရောက်လာပြီး သမီးဖြစ်သူကိုလာရှာရာ အိမ်တွင်မရှိသဖြင့် အသက် ၅၉ နှစ်အရွယ် မိခင်ဖြစ်သူ ဒေါ်မာမာသက်ကို ဖမ်းသွားကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

ထို့နောက် ယနေ့နံနက် ၇ နာရီခန့်တွင် ဒေါင်းငူတံငါရပ်ကွက်တွင်နေထိုင်သည့် မပန်းအိဖြူ၏ မောင်ဖြစ်သူနှင့် အစ်မဖြစ်သူ၊ ခဲအို၊ ကိုးနှစ်သားအရွယ်ကလေးငယ်နှင့် ကြက်စားပြင်ရပ်ကွက်တွင် သတင်းသုံးလျက်ရှိသော ဦးလေးဖြစ်သူ သံဃာတော်တစ်ပါးကိုပါ လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

သံဃာတော်ကိုမူ ယနေ့ ညနေပိုင်းတွင် ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

မပန်းအိဖြူမှာ အသက် ၃၀ ခန့်ရှိပြီး ယခင်က ဆန္ဒပြရာတွင် ပါဝင်ဖူးပြီး အိမ်တွင် နေထိုင်ခြင်းမရှိသည်မှာလည်း ကြာပြီဖြစ်ကြောင်း မိသားစုဝင်က ပြောသည်။

“အရင်လတုန်းကလည်း (မပန်းအိဖြူကို) အိမ်မှာလာရှာဖူးတယ်၊ ညတုန်းကတော့ အိမ်ကို အယောက်နှစ်ဆယ်လောက် ရောက်လာပြီး သူ့အမေကို ဖမ်းသွားတယ်၊ ဖုန်းတွေလည်း အားလုံးတောင်းသွားတယ်၊ စစ်ဆေးစရာရှိလို့ ခေါ်သွားမယ်ဆိုပြောတယ်” ဟု ၎င်းက ဆိုသည်။

အဖမ်းခံရသည့် ဒေါ်မာမာသက်တွင် သွေးတိုးရောဂါ၊ ကျောက်ကပ်ရောဂါရှိပြီး လက်ရှိအချိန်ထိ ဖမ်းဆီးသွားသည့် မိသားစုဝင်များကို မည်သည့်နေရာကို ခေါ်ဆောင်သွားသည်ကို မသိရသေးကြောင်း ၎င်းက ပြောသည်။

နယ်စပ်ဒေသတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းအမျိုးသားတစ်ဦး ဩဂုတ်လ ၂၈ ရက်က အသတ်ခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး မပန်းအိဖြူ၏ ဦးလေးဖြစ်သူ ဦးနိုင်ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားကြောင်းသိရသည်။

လက်ရှိတွင် ဆွေမျိုးများအိမ်နှင့် အဒေါ်အိမ်များပါမကျန် လိုက်လံရှာဖွေစစ်ဆေးနေပြီး မပန်းအိဖြူမှာ ဆန္ဒပြရာတွင် ပါဝင်ဖူးသည်မှလွဲ၍ မည်သည့်အကြောင်းကြောင့် မိသားစုဝင်များကိုပါ ယခုကဲ့သို့ လိုက်လံဖမ်းဆီးနေသည်ကို မသိရကြောင်း ၎င်းတို့နှင််နီးစပ်သူအသိုင်းအဝိုင်း၏ အဆိုအရ သိရသည်။