ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူများကိုသာ ဈေးရောင်းခွင့်ပြုမည် ဟုဆို

0
292

ထားဝယ်စည်ပင်သာယာဈေးများတွင် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူများကိုသာ ဈေးရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း ထားဝယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဈေးသူဈေးသားအချို့ထံမှ သိရသည်။

အောက်တိုဘာလ ဒုတိယအပတ်မှစကာ ထားဝယ်စည်ပင်သာယာဈေးကြီး(ဈေးကြီး)တွင် ဈေးရောင်းသူများသူအား ကိုဗစ်ကာကွယ်ဆေးထိုးပေးခဲ့ပြီးဖြစ်ကြောင်း ဈေးသူဈေးသားများနှင့် အထက်ပါဌာနထံမှ သိရသည်။

ကမ်းနားဈေးတွင်မူ အောက်တိုဘာလ တတိယအပတ်တွင် ကာကွယ်ဆေးထိုးပေးရန် စီစဉ်နေကြောင်း သိရသည်။

ကာကွယ်ဆေးမထိုးထားပါက အထက်ပါဈေးများတွင် ဈေးရောင်းခွင့်ပြုမည်မဟုတ်ကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ဆိုသည်။

“ဆေးမထိုးဘူးဆိုရင် ကျွန်တော်တို့ ဈေးရောင်းခွင့်လည်း ပေးမှာမဟုတ်ဘူး။ အဲဒါက ဈေးသည်တွေကို ပြီးခဲ့တဲ့ တစ်ပတ်လောက်ကစပြီး ကျွန်တော်တို့ ထိုးပေးနေတယ်” ဟု ဦးအောင်စိုးမိုးက ပြောသည်။

ဈေးသည်များကို ကိုဗစ်ကာကွယ်ဆေး မထိုးမနေရဟု လိုက်လံပြောနေပြီး ဆေးမထိုးပါက ဈေးရောင်းချခွင့်မပြုကြောင်းကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဈေးအတွင်း လိုက်လံပြောဆိုနေသဖြင့် ဈေးသည်အများစုက ဆေးသွားထိုးကြသည်ဟု ကမ်းနားဈေးမှ ဈေးသည် အမျိုးသမီးတစ်ဦးက ပြောသည်။

“ဆေးထိုးပြီးကြောင်း လက်မှတ်ပြမှ ရောင်းခိုင်းမယ်ဆိုလား အဲလိုတော့ ပြောသံကြားတယ်” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။

တနင်္သာရီတိုင်းတွင် ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသူ နှစ်သိန်းငါးသောင်းကိုးထောင်ခန့်ရှိပြီး ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးပြီးသူမှာ ကိုးသောင်းရှစ်ထောင်ခန့်ရှိကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။