ကျွန်းစု ကမ်းဇော်တောအား အစုအဖွဲ့ပိုင်အဖြစ် ထိန်းသိမ်းခွင့်ရ

0
275
ပုံစာ - မော်ခေါင်းတုံးကျေးရွာအတွင်းရှိ ကမ်းဇော်တော အားတွေ့ရစဉ်/ဓါတ်ပုံ၊DW

ကျွန်းစုမြို့နယ် မော်ခေါင်းတုံးရွာ ဧရိယာအတွင်းရှိ အလေ့ကျပေါက်ရောက်နေသည့် ကမ်းဇော်တောအား ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော(CF) ထိန်းသိမ်းခွင့်ရပြီဖြစ်ကြောင်း သိရသည်။

ကမ်းဇော်ပင်ပေါက်ရောက်နေသည့် ၃၉၅ ဧကအား ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်ကတည်းက ထိန်းသိမ်းခွင့်တင်ပြထားရာ ယခုနှစ် စက်တင်ဘာလတွင်မှ တရားဝင်ခွင့်ပြုမိန့်ရရှိခဲ့ကြောင်း ကမ်းဇော်တောထိန်းသိမ်းရေးကော်မတီအဖွဲ့ အတွင်းရေးမှူး ကိုရဲထွဋ်က ပြောသည်။

ကမ်းဇော်အစေ့မှ ထုတ်ယူသည့် ကမ်းဇော်ဆီသည် ဆေးဖက်ဝင်ပြီး အနာရောဂါအမျိုးမျိုးကို ပျောက်ကင်းသည်ဟု ဒေသခံများက ယုံကြည်ကာ အိမ်တွင်းဆေးအဖြစ် အများအပြားသုံးစွဲလေ့ရှိကြသည်။

မော်ခေါင်းတုန်းရွာရှိ ကမ်းဇော်တောအား CF အဖြစ် ထိန်းသိမ်းလိုက်သော်လည်း ရာသီပေါ်ချိန်တွင် ၎င်းတို့တစ်ရွာတည်းကသာ ထုတ်ယူသုံးစွဲမည်မဟုတ်ပဲ အနီးအနားရွာများကလည်း လာရောက်ကောက်ယူနိုင်ကြောင်း ကိုရဲထွဋ်က ပြောသည်။

“နယ်ကျော်ပြီး သီးသန့်လာကောက်ရင်တော့ ခွင့်မပြုဘူး”ဟု ၎င်းက ဆိုသည်။

မြိတ်မြို့နယ်နှင့် ပုလောမြို့နယ် အပါအဝင် အခြားမြို့နယ်များမှ လာရောက်ကောက်ယူမည်ခြင်းကို ခွင့်ပြုမည်မဟုတ်ကြောင်း ၎င်းက ရည်ညွန်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ကမ်းဇော်ပင်သည် မိုးဦးရာသီတွင် အသီး သီးလေ့ရှိပြီး အသီးကြွေကျချိန်တွင် အစေ့ထုတ်ယူကာ ဒေသခံများက ရောင်းချလေ့ရှိသည်။

ထိုသို့ ကောက်ယူရာတွင် အခြားရွာများမှ လာရောက်ကောက်ယူသူတစ်ချို့က ကြွေကျနေသည့် အသီးများကို ကောက်ယူကြသည့်အပြင် အပင်ပေါ်တက်ကာ အကိုင်းလိုက်ခုတ်ဖြတ်ခြင်း ၊ ပင်စည်မှ ခုတ်လှဲသူများလည်းရှိကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ထိုကြောင့် ကမ်းဇော်တော ရေရှည်တည်တံ့ရေးအတွက် ရည်ရွယ်ကာ ဒေသခံရွာသားများက ထိန်းသိမ်းခွင့်တောင်းဆိုခဲ့ကြောင်း ကိုရဲထွဋ်က ရှင်းပြသည်။

“အရင်ကဆို ပြောလို့မရဘူး။ အခုက လုပ်ပိုင်ခွင့် ဥပဒေရှိလာပြီဆိုတော့ ဟန့်တားတာတွေ ဒဏ်ရိုက်တရားစွဲတာတွေ လုပ်လို့ရလာပြီပေါ့” ဟု ၎င်းကပြောသည်။

CF ဆိုသည်မှာ သစ်ပင်ပေါက်ရောက်မှုနည်းသည့် နေရာနှင့် သစ်တောပြုန်းတီးနေသည့် နေရာများတွင် ဒေသခံများပါဝင် လုပ်ကိုင်ခွင့်ပြုပြီး ထွက်ရှိလာသည့် သစ်တောထွက်ပစ္စည်းမျာကို စည်းကမ်းတကျ ထုတ်ယူသုံးစွဲစေသည့် စနစ်ဖြစ်သည်။

မော်ခေါင်းတုန်းရွာသည် ကံမော်ကျွန်းကြီးပေါ်တွင်ရှိပြီး ကမ်းဇော်ပင် အမြောက်အများ ပေါက်ရောက်နေကာ ခန့်မှန်းတွက်ချက်မှု အရ ဧက နှစ်ထောင်ဝန်းကျင်ရှိနိုင်ကြောင်း ကိုရဲထွဠ်က ဆိုသည်။

ယင်းကျွန်းပေါ်ရှိ အကြီးဆုံးဟု ယူဆရသောကမ်းဇော်ပင်၏ ပင်စည်လုံးပတ်သည် ၁၂ ပေခန့်ရှိကြောင်း သိရသည်။

ကမ်းဇော်စေ့ နို့စည်ဘူးတစ်ဘူးလျှင် ဒေသပေါက်ဈေး ၁၅၀၀ ကျပ် ဝန်းကျင်ရှိခဲ့ရာမှ ပြီးခဲ့သည့်နှစ်တွင် ၂၅၀၀ကျပ်အထိ ဈေးပေါက်ခဲ့ကြောင်း သိရသည်။