ပုလောတွင် အပြန်အလှန်ထိတွေ့ပစ်ခတ်မှုဖြစ်

0
188
ပုံစာ - ထိတွေ့ပစ်ခတ်မူဖြစ်ပွားခဲ့သည့် ကျောက်နိမ့်ကျေးရွာ

မြိတ်ခရိုင် ပုလောမြို့နယ် နန်းတောင်ကျေးရွာအုပ်စု ကျောက်နိမ့်ကျေးရွာတွင် ဒေသခံ PDF တပ်ဖွဲ့ဝင်နှင့် ပြည်သူ့စစ်အဖွဲ့တို့အကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းနေ့ နံနက် ၈ နာရီဝန်းကျင်တွင် PDF တပ်ဖွဲ့ဝင် သုံးဦးခန့် ဆိုင်ကယ်ဖြင့် ကျောက်နိမ့်ရွာအတွင်းအဝင်လာစဉ် ရွာအပြင်တွင် ကင်းပုန်းစောင့်နေသည့် ပြည်သူ့စစ်အဖွဲ့တို့ အပြန်အလှန်ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

“ပြည်သူ့စစ်တစ်ယောက်မှာတော့ လက်မောင်းမှာ ဒဏ်ရာရလို့ အခုဆေးရုံပေါ်မှာရှိနေတယ်။ PDF အကြောင်းတော့ ပြောသံမကြားရလို့ သူတို့ရဲ့ ထိခိုက်မူကိုတော့ မပြောနိုင်ဘူး” ဟု ၎င်း ဒေသခံက ပြောသည်။

အပြန်အလှန် ပစ်ခတ်မှုသည် မိနစ်အနည်းငယ်ခန့်ကြာမြင့်ခဲ့ပြီး သေနတ်ပစ်သံကြောင့် အခြားပြည်သူ့စစ်တပ်ဖွဲ့ဝင်များ စစ်ကူရောက်လာခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။

နန်းတောင်ကျေးရွာသည် KNU တပ်မဟာ ၄၊ တပ်ရင်း ၇၊ တပ်ခွဲ ၂ ထိန်းချုပ်နယ်မြေအနီးတွင်ရှိသည်။

ယင်းကျေးရွာအနီးနားရွာတစ်ရွာဖြစ်သည့် ဒုရင်းပင်ရှောင်ရွာအနီးတွင် စစ်တပ်နှင့် KNU တပ်မဟာ ၄၊ ဒေသခံ PDF ပူးပေါင်းအဖွဲ့တို့ စက်တင်ဘာလက တိုက်ပွဲဖြစ်ပွားခဲ့ဖူးသည်။

ယင်းသို့တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် နန်းတောင်၊ ကျောက်နိမ့်ရွာသားများအပါအဝင် အနီးအနားကဒေသခံများ ပုလောမြို့ပေါ်နှင့် တောတောင်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရဖူးသည်။