ရေဖြူ ပုဂေါဇွန်းရွာသားတစ်ဦး စစ်တပ်က ဖမ်းသွားပြီးနောက် အလောင်းပြန်ပို့

0
276
ဦးကြည်သိန်း

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ပုဂေါဇွန်းကျေးရွာအုပ်စု ဝက်ချောင်းကျေးရွာသား အသက် ၇၀ ဝန်းကျင်ရှိ ဦးကြည်သိန်းအား စစ်တပ်က ဖမ်းသွားပြီးနောက် အလောင်းကို ပြန်ပို့လိုက်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

အောက်တိုဘာလ ၂၀ ရက် သီတင်းကျွတ်လ ပြည့်နေ့က ရလိုင်ကျေးရွာအုပ်စု ခမောင်းချောင်းရွာသား စစ်သတင်းပေးဟုဆိုသူ ဦးမိုးဟိန်း ပစ်သတ်ခံရပြီးနောက် စစ်သားများက ပုဂေါဇွန်းနှင့် ရလိုင်ရွာအတွင်း လိုက်လံစစ်ဆေး ဖမ်းဆီးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ဦးမိုးဟိန်းအား ပစ်သတ်သွားသူတို့သည် ပုဂေါဇွန်းကျေးရွာအုပ်စု ဝက်ချောင်းရွာဘက်ထွက်ပြေးသွားသည်ဆိုသည့် သတင်းကြောင့် ဝက်ချောင်းရွာအတွင်း စစ်သားများက လိုက်လံစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းည ၁၀ နာရီခန့်တွင် စစ်သားများ ဝက်ချောင်းရွာအတွင်း ရောက်လာခဲ့ပြီး ယင်းရွာသား အသက် ၇၀ ဝန်းကျင်အရွယ် ဦးကြည်သိန်းဆိုသူအား ဖမ်းဆီးသွားခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

မနက်ပိုင်းတွင်မူ ဦးကြည်သိန်းအလောင်းအား လာထုတ်ရန် စစ်တပ်ဘက်က မိသားစုဝင်တို့ထံ ဖုန်းဆက်အကြောင်းကြားလာခဲ့သည်ဟုဆိုသည်။

“ထားဝယ်ရေခဲတိုက်မှာ လာယူဆိုပြီး ခေါ်တယ်။ သူတို့မိသားစုတွေက သွားမယူရဲကြဘူး။ နောက်ထပ်အဖမ်းခံရမှာစိုးလို့။ သေတဲ့သူလဲ သေပြီပဲဆိုပြီး ထားလိုက်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အောက်တိုဘာလ ၂၁ ရက် ‌နေ့လယ် ၁၂ နာရီခန့်တွင်မူ ဦးကြည်သိန်းအလောင်းအား နေအိမ်ရှေ့တွင် လာပစ်ထားခဲ့သည်ဟုဆိုသည်။

“အဲနေ့က တစ်ခါတည်း မီးသင်္ဂြိုဟ်မလို့ဟာကို စစ်တပ်က ထပ်ဝင်လာတာဆိုတော့ မလုပ်ဖြစ်တော့ဘူး။ ဒီနေ့ (အောက်တိုဘာ ၂၂) မှာ သင်္ဂြိုဟ်မယ်ထင်တယ်” ဟု ၎င်းဒေသခံက ဆိုသည်။

ဦးကြည်သိန်း၏ မိသားစုဝင်တစ်ဦးမှာ အောက်တိုဘာလ ဒုတိယအပတ်ခန့်က အဖမ်းခံထားရသည်ဟုဆိုသည်။

ဒလန်ဟုဆိုကာ ဦးမိုးဟိန်းပစ်သတ်ခံရပြီးနောက် ဒေသခံအချို့ တိမ်းရှောင်ခဲ့ကြသော်လည်း ဦးကြည်သိန်းမှာ အသက်ကြီးနေပြီဖြစ်သဖြင့် တိမ်းရှောင်ခဲ့ခြင်းမရှိကြောင်း ဒေသခံတို့က ပြောဆိုကြသည်။