ရေဖြူ ခမောင်းချောင်းရွာသားတစ်ဦး ပစ်သတ်ခဲ့ကြောင်း DGRF အဖွဲ့ ထုတ်ပြန်

0
295
ပုံစာ ပစ်သတ်ခံရသည့် ဦးမိုးဟိန်း

ဒလန်လုပ်သဖြင့် ထားဝယ်ခရိုင် ရေဖြူမြို့နယ် ရလိုင်ကျေးရွာအုပ်စု ခမောင်းချောင်းကျေးရွာသား ဦးမိုးဟိန်းအား ၎င်းတို့ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း Dawei Guerrilla Revolutionary Force (DGRF) အဖွဲ့က အောက်တိုဘာလ ၂၁ ရက်က ထုတ်ပြန်ထားသည်။

ဦးမိုးဟိန်းသည် ခမောင်းချောင်းရွာအတွင်း ဘိလိယက်ခုံ၊ ကွမ်းယာဆိုင်၊ အသေးစားစက်သုံးဆီဆိုင် ဖွင့်လှစ်ရောင်းချနေသူတစ်ဦးဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သီတင်းကျွတ်လပြည့်နေ့ဖြစ်သည့် အောက်တိုဘာလ ၂၀ ရက် နံနက်ပိုင်းတွင် အမျိုးသားနှစ်ဦးမှ ဦးမိုးဟိန်းဆိုင်တွင် ဆိုင်ကယ်ဆီဖြည့်၊ ကွမ်းယာဝယ်ယူသည့်အသွင်ဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဆိုင်ကယ်ဆီထည့်ပေးနေတဲ့အချိန်မှာ သေနတ်နှစ်လက်နဲ့ တပြိုင်တည်းပစ်တာတဲ့။ ဒဏ်ရာသုံးလေးချက်လောက်ရသွားတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ဦးမိုးဟိန်းအား ဆေးရုံသို့တင်ပို့ပေးခဲ့သော်လည်း ဆေးရုံအရောက်တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

ဒလန်မိုးဟိန်းဆိုသူသည် ဧကနိရွာနှင့် ခမောင်းချောင်းရွာများတွင် စစ်ကောင်စီအားကိုးဖြင့် သောင်းကျန်းနေသည့်အပြင် သားဖြစ်သူမှာလည်း စစ်ကောင်စီလက်အောက်ခံ ဗိုလ်သင်တန်းတက်ရောက်နေသူဖြစ်ခြင်း စသည့်ဖြင့် စစ်ကောင်စီ ဒေါက်တိုင်ဖြစ်သောကြောင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း DGRF အဖွဲ့၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“သူ(ဦးမိုးဟိန်း) က သူတို့ရွာမှာတော့ ဒလန်ဆိုပြီး နာမည်ကျော်တယ်။ ပြီးရင် သူ့ကိုနောက်ကွယ်မှာ အတင်းမပြောဘဲနဲ့ သူ့နဲ့လာယှဉ်။ သူသေရဲတယ်၊ အဲလိုတွေ အွန်လိုင်းပေါ်မှာ ရေးလေ့ရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဦးမိုးဟိန်းပစ်သတ်ခံရသည့်နောက် စစ်သားများ ခမောင်းချောင်းရွာထဲဝင်ရောက်လာပြီး နေအိမ်များအတွင်း လိုက်လံရှာဖွေ စစ်ဆေးခဲ့သည်ဟုဆိုသည်။

ယင်း‌နောက် ခမောင်းချောင်းနှင့် ပုဂေါဇွန်း ကျေးရွာအုပ်စု ဝက်ချောင်းရွာမှ အသက် ၁၅ နှစ်၊ ၁၇ နှစ်၊ ၂၁ အရွယ် ငါးဦးလည်း အဖမ်းခံခဲ့ရသည်ဟုဆိုသည်။ ညပိုင်းတွင် စစ်သားများ ထပ်မံဝင်ရောက်လာပြီး အသက် ၇၀ အရွယ် ဦးကြည်သိန်း ခြေထောက်တွင် ကျည်ဆန်ထိကာ အဖမ်းခံခဲ့ရသည်။ နောက်တစ်နေ့တွင် ဦးကြည်သိန်း၏ အလောင်းလာထုတ်ရန် ဖုန်းဆက်အကြောင်းကြားခဲ့သည်ဟု မိသားစုဝင်တို့ထံမှ သိရသည်။