ထားဝယ် တောင်ပျောက်တိုက်နယ်တွင် စစ်ရှောင်အချို့ နေရပ်မပြန်နိုင်သေး

0
224

တိုက်ပွဲ ငါးကြိမ်ခန့် ဖြစ်ပွားခဲ့သည့် တောင်ပျောက်တိုက်နယ်ကို စစ်တပ်က ဖိနှိပ်မှုတွေရှိလာသဖြင့် ကြောက်ရွံ့ပြီး ဥယျာဉ်ခြံနှင့် နီးစပ်ရာတောတောင်များထံ စစ်ဘေးရှောင်နေကြဆဲ ဖြစ်သည်။

သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်အတွင်းရှိ ကျေးရွာ ဆယ်ရွာတွင် ကျေးရွာ ၈ ရွာနီးပါးခန့်မှာ ဩဂုတ်လလောက်ကစပြီး နီးစပ်ရာ တောတောင်နှင့် ဥယျာဉ်ခြံများအတွင်း စစ်ရှောင်လာသူ ၅၀၀၀ နီးပါးခန့်ရှိခဲ့ကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့်ကော်မတီ တာဝန်ခံက ပြောသည်။

လက်ရှိတွင် တောင်ပျောက်တိုက်နယ်ရှိ စစ်ရှောင်အချို့မှာ အောက်တိုဘာလ ၁၅ ရက်ခန့်က နေရပ်ပြန်သွားပြီဖြစ်ပြီး သဲချောင်းကြီးရွာမှ စစ်ရှောင် ၂၀ ကျော်ခန့်သာ ကျန်တော့သည်ဟု ၎င်းက ပြောသည်။

သဲချောင်းကြီးရွာရဲစခန်းနှင့် ကျေးရွာတွင် စစ်တပ်က စခန်းချတပ်စွဲထားသဖြင့် စစ်ရှောင် ၂၀ ကျော်မှာ နေရပ်ပြန်ဖို့ အဆင်မပြေကြောင်းနှင့် ၎င်းစစ်ရှောင်များအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများလိုအပ်နေသည်ဟု တာဝန်ခံ အမျိုးသမီးက ပြောသည်။

“အခု ၂၀ ကျော်အတွက်လည်း စားဖို့မရှိတဲ့အခြေအနေတော့ မဟုတ်သေးဘူး။ ရှေရည်အတွက်တော့ လိုအပ်နေသေးတယ်။ ဘာလို့ဆို သူတို့က အိမ်လည်းပြန်မရဘူး စီးပွားလည်းရှာမရဘူး။ စစ်တပ်ပြန်သွားတဲ့အထိလည်း ပြန်ရဲမှာမဟုတ်ဘူးဆိုထင်တယ်” တာဝန်ခံအမျိုးသမီးက ပြောသည်။

တောင်ပျောက်တိုက်နယ်တွင် စစ်ကောင်တပ်က သံသယရှိသည့် နေအိမ်များကို ဝင်ရောက်ရှာဖွေကာ စစ်ဆေးမေးမြန်းခြင်း၊ နေအိမ်ရှိ လူအချို့ကို ဖမ်းဆီးခေါ်ဆောင်ကာ ညှင်းပန်းနှိပ်စက် စစ်ဆေးမေးမြန်းခြင်း၊ ငွေနှင့် စားနပ်ရိက္ခာများ သိမ်းယူလေ့ရှိသဖြင့် စစ်တပ်ကိုကြောက်ပြီး စစ်ရှောင်ကြခြင်းဖြစ်သည်ဟု တာဝန်ခံက ဆိုသည်။

“ကျွန်မ တို့တောင်ပျောက်တိုက်နယ်က ခေတ်အဆက်ဆက်က တော်လှန်ရေးနယ်မြေဖြစ်တာကြောင့် အဲဒီဒေသမှာရှိတဲ့လူကြီးတွေက စစ်တပ်ဆို အရမ်းကြောက်တယ်”ဟု တာဝန်ခံအမျိုးသမီးက ပြောသည်။

တစ်ရွာနှင့် တစ်ရွာ သွားလာရန်အတွက် စစ်ကောင်စီတပ်များနှင့် အုပ်ချုပ်ရေးမှူးများထံ ထောက်ခံစာသွားယူရပြီး စစ်ရှောင်များအတွက် စားနပ်ရိက္ခာများလည်း ခက်ခက်ခဲခဲ သယ်ယူနေရကြောင်း ဒေသခံအချို့က အမျိုးသားတစ်ဦးက ပြောသည်။

တိုက်ပွဲအချို့ဖြစ်ပွားပြီးနောက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထိုးစစ်ဆင်ပါက တောင်ပျောက်တိုက်နယ်အတွင်းနေထိုင်သည့် ပြည်သူတွေပိုပြီး ဖိအားပေးခံရပြီး ဒုက္ခရောက်မည်စိုးသဖြင့် ထိုးစစ်မဆင်ဘဲ နေမြဲ နေနေကြခြင်း ဖြစ်ကြောင်း ဒေသခံရွာသားက ပြောသည်။

တောင်ပျောက်တိုက်နယ်တွင်‌ ဒေသခံရွာသားအချို့ကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး နေအိမ်အချို့လည်း မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံအချို့ထံက သိရသည်။