ရနောင်းတွင် အသက်မပြည့်သေးသည့် အမျိုးသမီးငယ်တစ်ဦး မုဒိမ်းကျင့်ခံရ

0
306

ထိုင်းနိုင်ငံ ရနောင်းမြို့တွင် အသက် ၁၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး မုဒိမ်းကျင့်ခံရပြီးနောက် ဗီဒီယိုဖိုင်ဖြင့် ခြိမ်းခြောက် အကြပ်ကိုင်ခြင်းကိုပါ ခံခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

မုဒိမ်းကျင့်ခဲ့သည်ကို ဗီဒီယိုရိုက်ကူးထားပြီး နောက်ထပ် လူဦးရေ ၃၀ ခန့်ပါသည့် လူငယ်အုပ်စုနှင့် လာရောက်အိမ်ပေးရန် ခြိမ်းခြောက်ခဲ့သေးကြောင်း ယင်းကိစ္စကို လိုက်ပါကူညီပေးခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။

ယင်းအမျိုးသမီးငယ်သည် အောက်တိုဘာလ ၁၀ ရက်က ချစ်သူကောင်လေးနှင့် ချိန်းတွေ့ရန်သွားရောက်ခဲ့သည်ဟုဆိုသည်။ ချိန်းထားသည့်နေရာသို့ သူ့ချစ်သူကောင်လေး ရောက်မလာခဲ့ဘဲ သူ့ကောင်လေး၏ သူငယ်ချင်းဖြစ်သူရောက်လာပြီး မုဒိမ်းကျင့်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

“Video Click ကိုပြပြီးတော့ သူတို့ဆီမှာပြန်လာအိပ်ပါလို့‌ပြောတယ်။ သူတို့အုပ်စုက အယောက်သုံးဆယ်လောက်ရှိတာ။ အဲဒီအယောက်ဆုံးဆယ်မှာ တစ်ယောက်ကို တစ်ညစီလာအိပ်ဖို့ဆိုပြီးပြောတယ်” ဟု အထက်ဖော်ပြပါ အမျိုးသားက ပြောသည်။

အောက်တိုဘာလ ၁၂ ရက်တွင် ဗီဒီယိုဖိုင်ပြပြီး ခြိမ်းခြောက်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

မုဒိန်ကျင့်ခံရသည့် အမျိုးသမီးမှာ မြိတ်မြို့ဇာတိဖြစ်ပြီး ငယ်စဉ်ကတည်းက ရနောင်းမြို့တွင် မိဘနှစ်ပါးနှင့်အတူ လာရောက်နေထိုင်သူဖြစ်ကြောင်းဆိုသည်။

မုဒိန်းကျင့်ခဲ့သည့် အမျိုးသားမှာလည်း အသက် ၁၅ နှစ်ဝန်းကျင်အရွယ်ဖြစ်ပြီး ထားဝယ်ဇာတိဖြစ်သည်ဟုဆိုသည်။

ဗီဒီယိုဖိုင်ဖြင့် ခြိမ်းခြောက်အကြပ်ကိုင်ခြင်းခံရသည်ကို အသိမိတ်ဆွေများအား ပြောပြရာမှာ မုဒိမ်းကျင့်ခံရသည်ကိုပါ သိရှိခဲ့ရခြင်းဖြစ်သည်။

မုဒိမ်းကျင့်ခဲ့သည့် အမျိုးသားနှင့် ‌ဗီဒီယိုဖိုင်ခြိမ်းခြောက်ရာတွင်ပါဝင်ခဲ့သည့် လူငယ်သုံးဦးအား ထိုင်းလူဝင်မူကြီးကြပ်ရေးအဖွဲ့ထံ အပ်နှံခဲ့ပြီး ယင်းမှတစ်ဆင့် လူငယ်ပြုပြင်ရေးစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အမျိုးသမီးငယ်၏ မိသားစုမှာ ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင် အလုပ်လုပ်ကိုင်နေသူများဖြစ်သောကြောင့် အမှုဖွင့် တရားစွဲနိုင်သော်လည်း အခက်အခဲ အချို့ကြောင့် တရားမစွဲတော့ဘဲ ထိုင်းလူဝင်မူကြီးကြပ်ရေးဌာနကိုသာ လွှဲပြောင်းပေးခဲ့သည်ဟုဆိုသည်။

ခြိမ်းခြောက်ခဲ့သည့် လူငယ်သုံးဦးမှာ အောက်တိုဘာလ တတိယအပတ်မှစပြီး ထိုင်းလူငယ်ပြုပြင်ရေးစခန်းတွင် ၇ ရက်နေထိုင်ရမည်ဟုဆိုသည်။