မြိတ် NLD ရုံးဗုံးဖောက်ခွဲခံရ

0
159

မြိတ်မြို့ တပ်ပြင်ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံး ဗုံးဖောက်ခွဲခံရကြောင်း ရပ်ကွက်နေပြည်သူများနှင့် အဖွဲ့ချုပ်တာဝန်ရှိသူများထံမှ သိရသည်။

NLD ပါတီ ခရိုင်နှင့် မြို့နယ်ရုံးစိုက်ရာ သုံးထပ်တိုက်အဆောက်အအုံတွင် စက်တင်ဘာ ၁၉ ရက် ည ၁၂ နာရီခန့်က ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အဆောက်အဦးအုတ်နံရံအပါအဝင် အပေါ်ထပ် မှန်ပြတင်းများလည်း ပျက်စီးခဲ့ကြောင်း ရပ်ကွက်သားများ ကပြောသည်။

“အသံကအကျယ်ကြီးပဲ မြေကြီးတောင်တုန်သွားတယ်။ ဒါက လက်လုပ်ဗုံးမဟုတ်နိုင်ဘူး သေချာစနစ်တကျ ထောင်ပြီးမှလုပ်တာ လက်လုပ်ဆို ဒီလောက်ပျက်စီးစရာ အကြောင်းမရှိဘူး”ဟု ယင်းရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။

ယမန်နေ့ကလည်း တပ်ထောက်ခံရေးဆန္ဒပွဲများတွင် ဦးဆောင်သူတစ်ဦးဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီ၏ အမာခံ အဖွဲ့ဝင် ဒလန်ဟု အများကပြောဆိုနေသည့် ဦးထိန်လင်းအား သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။