ကမြောကင်းကျေးရွာအုပ်ချုပ်ရေးမှူး ဇွန်လကတည်းက နုတ်ထွက်ခွင့်တင်ထားပြီး ဟုဆို

0
271

နေအိမ်ရှေ့ ဗုံးပေါက်ခဲ့သည့် ကမြောကင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းမှာ ပြီးခဲ့သည့် ဇွန်လကတည်းက နုတ်ထွက်ခွင့်တင်ထားပြီးဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

ကမြောကင်းကျေးရွာအုပ်စု သောကြာပြင်ကျေးရွာရှိ ဦးထွန်းမင်း၏ နေအိမ်ရှေ့တွင် စက်တင်ဘာလ ၂၁ ရက် နံနက်က ပေါက်ကွဲမှုဖြစ်ပွားပြီး အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးသေဆုံးကာ ဇနီးဖြစ်သူ ဒေါ်ကြည်ဌေး ခေါ် ဒေါ်မိစု ဒဏ်ရာရရှိခဲ့သည်။

ဦးထွန်းမင်း၏ဇနီး ဒေါ်ကြည်ဌေးလည်း ဗုံးပေါက်စဉ်က ရရှိသည့်ဒဏ်ရာဖြင့် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ထပ်မံသေဆုံးသွားခဲ့သည်။

ဦးထွန်းမင်းမှာ ပြီးခဲ့သည့်ဇွန်လကပင် ကျန်းမာရေးမကောင်းသဖြင့် နှုတ်ထွက်ခွင့်တင်ပြီးနောက် ရန်ကုန်မြို့တွင် ဆေးကုသမှု ခံယူနေခြင်းဖြစ်ကြောင်း အထက်ပါမိသားစုဝင်က ဆိုသည်။

“ထွက်စာတင်တဲ့ ရက်ကတည်းက အုပ်ချုပ်ရေးမှူးတံဆိပ်တုံးကိုလည်း ပြန်အပ်လိုက်ပြီးပြီ” ဟု ယင်းမိသားစုဝင်က ပြောသည်။

Dawei Watch မှ ရရှိထားသည့် နှုတ်ထွက်ထားသည်ဆိုသည့်စာအရ ဦးထွန်းမင်းအနေဖြင့် မတ်လ ၁ ရက်နေ့တွင် အုပ်ချုပ်ရေးမှူးအဖြစ် စတင်တာဝန်ယူခဲ့ပြီး ကျန်းမာရေးမကောင်းသည့်အတွက် ဇွန်လ ၆ ရက်နေ့စွဲဖြင့် မြို့နယ်ထွေအုပ်သို့ လိပ်မူကာ နှုတ်ထွက်စာတင်ထားခဲ့သည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကို အုပ်ချုပ်ရေးမှူးနေအိမ်နှင့် မျက်နှာချင်းဆိုင်နေအိမ်တွင် နေထိုင်သူအမျိုးသားက ကျူးလွန်သည်ဟု ဆိုကာ ဖမ်းဆီးထားကြောင်း တပ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။