မြိတ် သတင်သမားနှစ်ဦးနှင့် တက်ကြွလှုပ်ရှားသူများ အပါအဝင် ရှစ်ဆယ်ကျော် ပြန်လွတ်

0
298

မြိတ်အခြေစိုက် သတင်းသမားနှစ်ဦး အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ရှစ်ဆယ်ကျော် အောက်တိုဘာလ ၁၈ ရက်နေ့ ညနေတွင် မြိတ်အကျဉ်းထောင်မှ ပြန်လွတ်လာကြောင်း သိရသည်။

မြိတ်အခြေစိုက် DVB သတင်းဌာနမှ သတင်းထောက် ကိုအောင်ကျော်၊ အလွတ်တန်းသတင်းထောက် ကိုဇော်ဇော်၊ ကဗျာဆရာဦးလွင်အောင်နှင့် ဦးတင်ကိုကိုဦး အပါအဝင် တက်ကြွလှုပ်ရှားသူ ၈၀ ကျော် ပြန်လွတ်လာခဲ့ကြောင်း လွတ်မြောက်လာသူအချို့ထံမှ သိရသည်။

“ထုံးစံအတိုင်း ၄၀၁ ကျင့်ထုံးနဲ့ ခံဝန်ထိုးပြီး လွှတ်ပေးလိုက်တာပေါ့”ဟု ပြန်လည်လွတ်မြောက်လာသည့် DVB သတင်းထောက် ကိုအောင်ကျော် ကပြောသည်။

မြိတ်အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား နှစ်ရာကျော်ရှိပြီး လက်ရှိတွင် ရှစ်ဆယ်ကျော် ပြန်လွတ်လာသည်ဟု လွတ်မြောက်လာသူအချို့ ကပြောသည်။

မြိတ်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တချို့နဲ့ မြိတ် ၈၈ အဖွဲ့မှ ဖမ်းဆီးခံရသူများလည်း ပြန်လည်လွတ်မြောက်လာ ကြောင်း သိရသည်။

“ကျန်ရစ်တဲ့ လူတွေကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်။ အားလုံးက ယုံကြည်ချက်နဲ့ ထောင်ချခံရသူတွေ ဆိုတော့” ဟု တက်ကြွလှုပ်ရှားသူ ဦးတင်ကိုကိုဦးက ပြောသည်။

မြိတ်အကျဉ်းထောင်မှ လွတ်မြောက်လာသူ အရေအတွက်အတိအကျကိုမူ Dawei Watch အနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။

ဆန္ဒပြရာတွင် ပါဝင်သည့်အတွက် ဖမ်းဆီးတရားစွဲဆိုခံနေရဆဲဖြစ်သည့် လူလေးထောင်ကျော်နှင့် အမိန့်ချမှတ်ခံရပြီးသူ တစ်ထောင့်သုံးရာကျော်အား အမှုပိတ်သိမ်းခြင်း၊လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း နစကကောင်စီက ထုတ်ပြန်ထားသည်။