သီတင်းကျွတ်လက်တွန်းမီးအိမ်လှည်း ထားဝယ်ဈေးကွက်တွင် တစ်ကျော့ပြန်ပေါ်

0
641

ဈေးကွက်အတွင်း နှစ်ဆယ်ချီ ပျောက်ဆုံးနေသည့် သီတင်းကျွတ်လက်တွန်းမီးအိမ်လှည်းများ ထားဝယ်ဈေးကွက်တွင် တစ်ကျော့ပြန်ပေါ်လာသည်။

ယခင်က ထားဝယ်ဒေသသီတင်းကျွတ်ရာသီတွင် ဖယောင်းတိုင်မီးထွန်းကာ တွန်းပြီးကစားရသည့် လက်တွန်းမီးအိမ်လှည်းအား ကလေးများနှစ်သက်စွာ ကစားလေ့ရှိသည်။

ယင်းမီးအိမ်လှည်းများကို ထားဝယ်မြို့ မြောင်းပုလဲရပ်ကွက်တွင် မီးအိမ်ပြုလုပ်ရောင်းချသူ နှစ်ဦးရှိပြီး လက်ရှိတွင် လက်မလည်အောင် ရောင်းရကြောင်း မီးအိမ်ပြုလုပ်ရောင်းချနေသူများထံမှ သိရသည်။

လက်တွန်းလှည်းမီးအိမ်တစ်ခုလျှင် ၃၀၀၀ ကျပ်နှင့် ဆယ်လုံးနှင့်အထက် ဝယ်ယူပါက ၂၈၀၀ ကျပ်ဖြင့် ရောင်းချနေခြင်းဖြစ်သည်။

ယခင်နှစ်များကပင် ယင်းလက်တွန်းမီးအိမ်အား ပြုလုပ်နေသော်လည်း ထုတ်လုပ်နိုင်သည့် ပမာဏနည်းနေခြင်းကြောင့် ဈေးကွက်အတွင်းမှ ပျောက်သွားခြင်းဖြစ်သွားကြောင်း မီးအိမ်ပြုလုပ်ရောင်းချနေသည့် ပန်းချီစိုးမိုးက ဆိုသည်။

လက်ရှိတွင် မိသားစုဝင်များဖြင့် စုပေါင်းလုပ်ကိုင်ခြင်း၊ ဖေ့ဘုတ်ပေါ်တင်ပြီး ကြော်ငြာခြင်းတို့ကြောင့် လူသိများလာပြီး ဝယ်လိုအားများလာကြောင်း ၎င်းက ပြောသည်။

“အခုက ပျောက်နေတာကြာပြီဆိုတော့ ပိုပြီးတော့ စိတ်ဝင်စားလာကြတာဖြစ်မယ်။ အခုဆိုရင် လုပ်ပေးလို့တောင် မနိုင်ဘူး” ဟု ပန်းချီစိုးမိုးက ဆိုသည်။

လက်တွန်းမီးအိမ်လှည်းအား ဝါးခြမ်း၊ ဆီစိမ်စက္ကူ၊ ကော် စသည့်ပစ္စည်းများကို အခြေခံပြုလုပ်ထားခြင်းဖြစ်ပြီး အရုပ်တစ်ခုလျှင် အရင်းအနှီး ကျပ်တစ်ထောင်ဝန်းကျင်ရှိကြောင်း သိရသည်။

ယင်းလက်တွန်းလှည်းမီးအိမ်အား မိသားစု ၄ ဦးဖြင့် ပြုလုပ်ပါက တစ်ရက်လျှင် ၂၀ လုံးခန့် ထုတ်လုပ်နိုင်ကြောင်း လက်တွန်းမီးအိမ်လုပ်နေသည့် မမို့မို့အောင်က ဆိုသည်။

“အခုဆိုရင် မှာထားတဲ့သူတွေတောင်ရှိသေးတယ် ကျွန်မတို့ လုပ်ပေးလို့ မနိုင်တော့ဘူး။ တချို့ကိုဆိုရင် (အော်ဒါ) လက်မခံတော့ဘူး” ဟု မမို့မို့အောင်က ပြောသည်။

ယင်းလက်တွန်းမီးအိမ်လှည်းများကို အွန်လိုင်းဈေးရောင်းသူများနှင့် ပြန်ရောင်းချမည့်သူများက အဓိကအော်ဒါမှာ ဝယ်ယူကြကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် အဆိုပါ လက်တွန်းမီးအိမ်ဝယ်လိုအားများနေသည့်အတွက် ကြိုတင်မှာယူကာ ဝယ်ရောင်းနေရကြောင်း အွန်လိုင်းမှတစ်ဆင့်ခံရောင်းချနေသည့် ထားဝယ်မြို့နေ အမျိုးသမီးတစ်ဦးက ဆိုသည်။

ထိုသို့ ပြန်လည်ရောင်းချရာတွင် အိမ်အရောက်ပို့ပေးပြီး ခရီးအနီးအဝေးအပေါ်မူတည်ကာ ၃၅၀၀ ကျပ် ဝန်းကျင်ဖြင့် ရောင်းချကြောင်း အထက်ပါ အမျိုးသမီးက ပြောသည်။

လက်တွန်းမီးအိမ်လှည်းကို လိပ်ပြာ၊ ယုန်၊ ဆင် အစရှိသည့် ပုံသဏ္ဍာန်အမျိုးမျိုး ထုတ်လုပ်ရောင်းချနေပြီး အများအားဖြင့် လိပ်ပြာပုံမီးအိမ်လှည်းကို ထုတ်လုပ်မှုပိုများသည်။