ကွမ်းသီးစိမ်းအနု ယမန်နှစ်ထက် ဈေးပိုရ

0
746

မြိတ်ဒေသရှိ ကွမ်းသီးစိမ်းအနုများ ယမန်နှစ်ထက် ဈေးပိုပေးကာ ဝယ်ယူနေကြောင်း သက်ဆိုင်ရာ အဝယ်ဒိုင်ထံမှ သိရသည်။

ကွမ်းသီးစိမ်းအနု တစ်လုံးကို ယမန်နှစ်က ၂၅ ကျပ်မှ ကျပ် သုံးဆယ် အထိသာ ဝယ်ယူခဲ့သည်။

သို့သော် ယခုနှစ် ကွမ်းသီးပေါ်ချိန်တွင်မူ တစ်လုံးလျှင် ကျပ်လေးဆယ်မှ ငါးဆယ်အထိ ဈေးတိုးပေး ဝယ်ယူလျှက်ရှိနေကြောင်း မြိတ်မြို့ရှိ ကွမ်းသီးစိမ်းအဝယ်ဒိုင် ပိုင်ရှင်ကပြောသည်။

“ဒီနှစ်ဈေးက အရမ်းလှုပ်လာတယ်”ဟု မြိတ်မြို့၊ အထက်ရေပုန်းရပ်၊ စပါးရွေဝါလမ်းတွင် ကွမ်းသီးအစိမ်းနု အမြောက်အများ ဝယ်ယူနေသည့် ဦးဝင်းညွန့် ကပြောသည်။

ယမန်နှစ်က တရုတ်နိုင်ငံ ဝယ်လက်တစ်ခုတည်း ရှိရာမှ ယခုနှစ်တွင် ဗီယက်နမ်၊ ထိုင်း၊ မလေးရှားနှင့် စင်္ကာပူနိုင်ငံများကပါ ဝယ်ယူမှုရှိလာသည့်အတွက် ယင်းသို့ ကွမ်းသီစိမ်းနု ဈေးကွက်လှုပ်လာခဲ့ကြောင်း ၎င်းကရှင်းပြသည်။

ပြီးခဲ့သည့် နှစ်က ကွမ်းသီးစိမ်းနု ရောင်းချသူနည်းခဲ့သော်လည်း ယခုနှစ်တွင်မူ ရောင်းချသည့် ကွမ်းစိုက်တောင်သူ တိုင်းအတွင်း နှစ်ဆခန့် ပိုများလာကြောင်း ဦးဝင်းညွန့် ကဆိုသည်။

ကွမ်းသီးစိမ်းနုများကို တနင်္သာရီတိုင်းအတွင်း ဝယ်ယူနေပြီး ရန်ကုန်စက်ရုံများမှ တစ်ဆင့်ပြုတ်ခြောက်လုပ်ကာ တရုတ်ပြည်၊ ယူနန်သို့ တင်ပို့ကြောင်း သိရသည်။

ကွမ်းသီစိမ်းနု ကုန်ကြမ်းကို တရုတ်တို့မှ စားစရာကွမ်းပေါင်း ကုန်ချောအဖြစ် ထုတ်လုပ်ပြီ ဈေးကွက်အတွင်း ပြန်လည်ရောင်းချကြောင်း ဦးဝင်းညွန့် ကပြောပြသည်။

“ကွမ်းပေါင်းက ဝါးလိုက်ရင် ပီကေလိုပဲ။ ချိုချိုရှိန်းရှိန်းလေးနဲ့ စားလို့ကောင်းတယ်”ဟု ၎င်းကပြောသည်။

အဆိုပါကွမ်းသီးများကို မြိတ်ခရိုင်အတွင်း အခြားဝယ်ယူနေသူများလည်း ရှိသည်။ ဒိုင်အချို့မှာ နှစ်ရက်ခြားတစ်ခါ ကွမ်းသီးစိမ်းပိဿာချိန် ခုနှစ်ထောင်မှ ရှစ်ထောင်အကြား ဝယ်ယူ တင်ပို့နေကြောင်း သိရသည်။